ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးချမှတ်မှု ပြင်သစ်အစိုးရ ပြင်းပြင်းထန်ထန်ရှုတ်ချ

2022.10.13
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးချမှတ်မှု ပြင်သစ်အစိုးရ ပြင်းပြင်းထန်ထန်ရှုတ်ချ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံမှာ တွေ့ရစဉ်။
Photo: MANAN VATSYAYANA / AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်အသစ် ထပ်မံချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ စစ်ကောင်စီဟာ နိုင်ငံရေး၊ ပါတီစွဲတွေနဲ့ တရားဥပဒေကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေတာကို ရှုတ်ချကြောင်း ပြင်သစ်နိုင်ငံက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုအတွက် မနေ့က ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်တဲ့အပေါ် အခုလို ကြေညာချက်ထုတ်ပြန်တာပါ။

ဒီ ပြစ်ဒဏ်အသစ်ဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာမဲ့စွာ သိက္ခာချပြီး နိုင်ငံရေးကနေ အပြီးတိုင် ဖယ်ရှားဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဆန္ဒကို ပြသလိုက်တာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ထပ်မံတောင်းဆိုကြောင်း လည်း ကြေညာချက်မှာ ပါရှိပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တို့ရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကိုလည်း ပြင်သစ်နိုင်ငံက ဆက်လက်ထောက်ခံကြောင်းနဲ့ အကျပ်အတည်း အားလုံးကို အဆုံးသတ်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ခြင်းက မရှိမဖြစ် လိုအပ်တဲ့ အခြေအနေတစ်ခုဖြစ်တာကို ထပ်မံပြောကြားလိုကြောင်းလည်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။