ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ၅၀၅ (ခ) အမှု ဒီလကုန်တွင် အမိန့်ချမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင် တို့အပေါ် စွဲဆိုထားတဲ့ ပုဒ်မ - ၅၀၅ (ခ) အမှုအတွက် လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
သူတို့ သုံးဦးကို နေပြည်တော်က အထူးတရားရုံးမှာ နိုဝင်ဘာလ ၁၆ ရက် ဒီနေ့မှာ လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး အဲဒီအမှုအတွက် ဒီနေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြရတာပါ။
ဒီအမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နှစ်စောင်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုပြီး စွဲဆိုထားတာ ဖြစ်ပါတယ်။
အဲဒီကြေညာချက်တွေဟာ သူတို့ သုံးဦးကို ဖမ်းဆီးပြီးမှ NLD ပါတီနဲ့ရော လူထုနဲ့ပါ အဆက်အသွယ် ဖြတ်ထားချိန် ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ CEC အဖွဲ့အမည်နဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးထဲကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့အမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို စစ်ကောင်စီက မီဒီယာတွေကို ဆက်သွယ်ပြောဆိုခွင့် ပိတ်ပင် ထားတာကြောင့် အဲဒီထွက်ဆိုချက် အသေးစိတ်ကိုတော့ မသိခဲ့ရပါဘူး။
အဲဒီအမှုအတွက်ပဲ နောက်တစ်ပတ်ရုံးချိန်း နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က သက်သေအဖြစ် လာရောက်ထွက်ဆိုဖို့ ရှိနေပါတယ်။
ဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည်ဟာ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကို လာခဲ့စဉ်က လူစုလူဝေးဖြစ်ခဲ့တာဟာ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ဗီဒီယို အွန်လိုင်းစနစ်နဲ့ ရုံးထုတ်စဉ်မှာ ထပ်တိုးခဲ့တဲ့ အမှုဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင် တို့ အပါအဝင် လူပုဂ္ဂိုလ် (၁၆) ဦး ကို ရွေးကောက်ပွဲမသမာမှုနဲ့ တရားစွဲထားတယ်ဆိုတဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်လို့တော့ သူတို့ဆီကို တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူးလို့ ပြောဆိုခဲ့ကြောင်း ရှေ့နေ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ တရားစွဲခံနေရပါတယ်။