သမ္မတရာထူးအတွက် သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြော
2013.07.18

၁၅ ခုနှစ်မှာ သမ္မတဖြစ်ဖို့အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း အဲဒီလိုဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းအနေနဲ့လည်း တတ်နိုင်သမျှ ပါဝင်ကူညီစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။
နိုင်ငံရေးမှာ တံခါးအားလုံးဖွင့်ထားတဲ့ နိုင်ငံရေးကိုသာ ယုံကြည်ကြောင်း အဲဒီလိုဖြစ်အောင်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
"တကယ်ဆိုလို့ရှိရင် မှန်မှန်ကန်ကန် ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် မျှတအောင်လုပ်ပေးရမှာပေါ့၊ အဲတော့ ဥက္ကဌကြီးအနေနဲ့ ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုလို့ရှိရင် ကျမသမ္မတဖြစ်နိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကိုလည်း လုပ်ပေးရမှာပေါ့၊ အဲဒီလိုမလုပ်ပေးရင် အဲဒါကမှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ဒီလိုပဲကျမက သတ်မှတ်ရမှာပဲ၊ ဘယ်သူကသာတယ်နာတယ်ဆိုတာဟာ နိုင်ငံရေးမှာဆိုလို့ရှိရင် လူတစ်ယောက်က အမြဲပဲသာနေမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ လူတွေရဲ့လိုအပ်ချက် အရ ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အရည်အချင်းလိုအပ်ချက်တွေ က ပြောင်းသွားတတ်ပါတယ်၊ ဒါကြောင့်ဘယ်သူမှ ထာဝရအစဉ်အမြဲ သာတယ်ဆိုတာမရှိနိုင်ပါဘူး၊ နောက်ဆုံးကျတော့ ပြည်သူ လူထုက ရွေးချယ်မှာပါ၊ အဲဒီတော့ နိုင်အောင်လုပ်တယ်ဆိုတာဟာ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် နဲ့ ပြတ်ပြတ်သားသားလုပ်လို့ရှိရင် အနိုင်ရမယ်လို့ ကျမတို့ဒီလိုယုံကြည်ပါတယ်"
ဒါ့အပြင် ၂ဝ၁၅ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ချက်ရှိသလို တကယ်အကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
သတင်းမီဒီယာသမား အတော်များများနဲ့ ဒီနေ့တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအပြင် ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းဆွေတို့လည်း တက်ရောက်ခဲ့ကြပါတယ်။