ဆီးဂိမ်းမှာ စိတ်ဓါတ်အားကိုး ယှဉ်ပြိုင်ကြဖို့ ဒေါ်အောင်ဆန်း စုကြည် အားပေး


2013.12.13
dassk-sport-men-305.jpg ဆီးဂိမ်းပြိုင်ပွဲဝင်တဲ့ အားကစားသမားများကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တွေ့ရစဉ်
photo: RFA/ Myo Thant Khine

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် SEA Games ပြိုင်ပွဲဝင်နေတဲ့ မြန်မာအားကစား သမားတွေအနေနဲ့ ပြိုင်ပွဲတွေမှာ စိတ်ဓာတ်ကိုအားကိုးပြီး ယှဉ်ပြိုင်ကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

ဒီကနေ့ ညနေပိုင်းက နေပြည်တော် မြင်းစီးအားကစား ပြိုင်ကွင်းမှာကျင်းပတဲ့ နိုင်ငံအလိုက် အလှပြမြင်းစီးပြိုင်ပွဲ ဆုရအားကစားသမားတွေကို ဆုချီးမြှင့်အပြီး မှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာပါ။

"နောက်ဆုံးအနေနဲ့ပြောမှာက အခုအချိန် လေ့ကျင့်ဖို့အချိန်မရှိတော့ဘူး၊ အဲတော့ကျန်တဲ့ပွဲတွေမှာနိုင်အောင်လို့ မြန်မာက စိတ်ဓာတ်ကိုပဲ အားကိုးရမယ်၊ စိတ်ဓာတ်ကို အားကိုးပြီးလုပ်ကြ"

ဒီနေ့ကျင်းပတဲ့ နိုင်ငံအလိုက် အလှပြမြင်းစီးပြိုင်ပွဲကို အာဆီယံနိုင်ငံ ၆ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနဲ့ စင်္ကာပူအသင်းက တတိယ ရရှိခဲ့ပါတယ်။

အဲဒီ မြင်းအလှစီးပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "မြန်မာ့အလှ" မြင်းကို ကမ္ဘောဒီးယားနိုင်ငံက မြင်းစီးအားကစားသမား Puthminea Sor က စီးပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ထိုင်းဘုရင့်မြေးတော် မင်းသမီး သီရိဝဏ္ဏာဝရီ နရီရတနာ Sirivannavari Nariratana ကလည်း မြန်မာမြင်း ''ထိပ်ကွက်" ကို စီးပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြင်းစီးပြိုင်ပွဲအပြင် ရေကူးအားကစားပြိုင်ပွဲ၊ မြှားပစ်အားကစားပြိုင်ပွဲနဲ့ ခြင်းလုံးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ မြန်မာအားကစားသမားတွေကို သွားရောက်အားပေးခဲ့ပါတယ်။

ဒီနေ့အထိ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၃ ဆုနဲ့ ပထမ၊ ဗီယက်နမ်က ရွှေတံဆိပ် ၂၂ ဆုနဲ့ ဒုတိယ၊ ထိုင်းနိုင်ငံ ရွှေတံဆိပ် ၁၈ ဆုနဲ့ တတိယနေရာက အသီးသီးရှိနေပါတယ်။

ဒီနေ့ နေပြည်တော် ဆီးဂိမ်းမြင်းစီးပြိုင်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးခဲ့တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။