ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ် စတင်
2017.05.13

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မနက်ဖြန် စတင်ကျင်းပမယ့် တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို တက်ရောက်ဖို့ ဒီနေ့ နေပြည်တော် ကနေ ထွက်ခွာသွားပါတယ်။
အဲဒီဖိုရမ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အာဆီယံ၊ အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ၅ ရက်ကြာမြင့်မှာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လကလည်း တရုတ်နိုင်ငံကို ချစ်ကြည်ရေး သွားရောက်ခဲ့ပါတယ်။
တရုတ်ခရီးစဉ်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ကနေ မေလ ၁၀ ရက်နေ့အထိ ဥရောပနိုင်ငံ ခရီးစဉ်တွေအဖြစ် ဘယ်လဂျီယံ၊ အီတလီနဲ့ အင်္ဂလန်နိုင်ငံတို့ကိုလည်း ချစ်ကြည်ရေးခရီး သွားရောက် ခဲ့ပါတယ်။
တရုတ်နိုင်ငံခရီးစဉ်မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါ သွားပါတယ်။