ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်မည်
2014.11.04

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကို အခုလိုပြောပါတယ်။
"တရုတ်ပြည်ခရီးစဉ်ရှိတယ် ဒီဇင်ဘာသွားမယ်ဗျာ၊ ကျန်တာမပြောနိုင်သေးဘူး၊ မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲရှိတယ်၊ အဲ့မှာပြောကောင်းပြောပါလိမ့်မယ်"
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Hua Chunying ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောစရာ သတင်းအချက်အလက် အတိအကျမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါ အဝင် မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့တွေအားလုံးနဲ့ တရုတ်အစိုးရဟာ အနီးကပ်ဆက်ဆံမှုရှိသလို၊ ဒီလိုဆက်ဆံ တာဟာလည်း နှစ်နိုင်ငံအကျိုးစီးပွား မြှင့်တင်ရေးအတွက်ဖြစ်တယ်လို့ ပြောပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း သတင်းအတိအကျ ထွက်လာတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ NLD ကို ပထမဆုံးချီးကျူးစကားပြောဆိုပြီး လူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရနဲ့ အနီးကပ်ဆုံးဆက်ဆံခဲ့ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဗီတိုအာဏာသုံးပယ်ချ ခဲ့ပါတယ်။
အခုနှစ်ပိုင်းအတွင်းမှာတော့ တရုတ်အစိုးရဟာ အတိုက်အခံအင်အားစုတွေနဲ့ ပြန်လည်ဆက်ဆံလာတာပြီး၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ NLD ရဲ့ ဒုတိယတန်း ခေါင်းဆောင်တွေကိုပါ တရုတ်ပြည်လေ့လာရေးခရီး ကမ်းလှမ်းဖိတ်ခေါ်ခဲ့တာတွေ ရှိခဲ့ပါတယ်။