နိုင်ငံသားဥပဒေ ပြင်ဆင်ရေးဟာ မိမိနိုင်ငံကပဲ ဆုံးဖြတ်ရမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2013.02.22

နိုင်ငံခြားပညာရှင်တွေရဲ့အကြံပေး ပြောကြားချက်တွေကို ဂရုတစိုက်လေ့လာပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီအောင် ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွ့ဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးဖို့ မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်ခင်မှာ သတင်းထောက်တွေက မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"အဲဒါလည်း သူဘယ်လို ပြင်သင့်တယ်ဆိုတာကို သူ့ပြောချက်တွေကို သုံးသပ်ရမှာပေါ့၊ ဒီလို နိုင်ငံခြားကနေပြီးတော့ ပညာရှင်တွေ ပြောတဲ့ကိစ္စတွေဆိုတာ နားထောင်သင့်တယ်၊ လေ့လာသင့်တယ်၊ သုံးသပ်သင့်တယ်၊ ကိုယ့်ရဲ့နိုင်ငံနဲ့ ဆီလျော်သည် မဆီလျော်သည်ဆိုတာကတော့ နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပေါ့"
တဆက်တည်းမှာပဲ အဲဒီလိုပြသနာတွေကို စဉ်းစားဆုံးဖြတ်ရာမှာ နိုင်ငံတကာက ချမှတ်လုပ်ဆောင်နေတဲ့ အဆင့်ကိုမီဖို့တော့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။