USDP မဲနိုင်လေ့ရှိတဲ့ ကိုကိုးကျွန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်

ဖြူဖြူခိုင်
2020.08.08

၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်ကို မနေ့က သြဂုတ် ၆ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သွားရောက်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနေ့က ကိုကိုးကျွန်းခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရခေါင်းဆောင်ဖြစ်ပြီး ၄ နှစ်အကြာမှ ပထမဆုံးသွားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ယခင်က နိုင်ငံရေးအကျဉ်းသားတွေကိုထားရှိခဲ့ပြီး ယခုအခါ တပ်မတော်သား မိသားစုတွေ အများဆုံး နေထိုင် ကြတဲ့ ကိုကိုးကျွန်းမြို့ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အပြတ်အသတ် အနိုင်ရခဲ့တာပါ။

ဒီအချက်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုကိုးကျွန်းမြို့နယ် ခရီးစဉ်ဟာ စိတ်ဝင်စားဖွယ်ဖြစ်နေပြီး ရွေးကောက်ပွဲနီးကပ်လာချိန်မှာ သွားတဲ့ခရီးစဉ်ဖြစ်လို့ မဲဆွယ်စည်းရုံးရေး ခရီးလားဆိုတာ မေးခွန်းထုတ် စရာရှိနေပါတယ်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဒါဟာ မဲဆွယ်စည်းရုံးရေး ခရီးစဉ် မဟုတ်ဘူးလို့ ငြင်းလိုက်ပါတယ်။

“နိုင်ငံတော်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ သွားပြီးလေ့လာ ကြည့်ရှုတဲ့ အနေအထားနဲ့ပဲ သွားတာပါ။ မဲဆွယ်စည်းရုံးရေးသွားတာ မဟုတ်ပါဘူး။ ကိုကိုးကျွန်းမြို့နယ်ကို စံပြ မြို့နယ်တစ်ခု ဖြစ်အောင်လုပ်မယ်။ အဲဒီသဘောနဲ့ပဲ သွားတာပါ။ အုပ်ချုပ်ရေး တာဝန်အရ သွားတယ်လို့ပဲ သဘောပေါက်ပါတယ်“

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှာ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုကိုးကျွန်းကို သွားရောက်ချိန်မှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပညာရေး၊ ကျန်းမာ ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု အခြေအနေတွေ ကို  အထူးအလေးပေး လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ မနေ့က ခရီးစဉ်နဲ့ပတ်သက်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ကိုကိုးကျွန်းဟာနိုင်ငံရဲ့ နယ်စွန်နယ်ဖျား ပြင်ပစည်းကနေပြီး နိုင်ငံရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးနေတယ်လို့ပြောရင် မမှားကြောင်း၊ ဒါ့ကြောင့် ကိုကိုး ကျွန်းက ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ ပါတယ်။  

မကြာမီကျင်းပမယ့် ရွေးကောက်ပွဲဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ကိစ္စဖြစ်တဲ့အတွက် မဲပေးပိုင် ခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် တာဝန်ရှိသူတွေက ဆောင်ရွက်ပေးကြဖို့နဲ့ မဲပေးခွင့်ရှိသူ ပြည်သူအားလုံး မဲပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ကျွန်းပေါ်က ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ အထက်တန်းကျောင်းတို့ကို ရောက်ခဲ့ပြီး ဒေသခံတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးနဲ့ ပတ်သက်ပြီး တောင်းဆိုချက်တွေ မကြာမီ ဖြည့်ဆည်းပေး နိုင်မယ်လို့ ပြောဆိုကြောင်း အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။

ကိုကိုးကျွန်းဒေသခံ တစ်ယောက်ဖြစ်တဲ့ ဦးဝင်းနိုင်က ဒီဒေသကို တပ်မတော်ဘက်က ခေါင်းဆောင်ကလွဲပြီး အခုလို အရပ်ဖက်ခေါင်းဆောင်တွေ မလာဖူးသေးတဲ့အတွက် ဒေသဖွံ့ဖြိုးရေး တိုးတက်လာဖို့ မျှော်လင့်နေပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အရင်လို တစ်ဖက်တည်းက မဲအပြတ်အသတ်အနိုင်ရတာမျိုး မဖြစ်နိုင်တော့ဘူးလို့ ဦးဝင်းနိုင်က သူ့အမြင်ကို ပြောပါတယ်။

“ဒီမှာတော့ တစ်ခါမှ လာဖူးတာ မရှိဘူး၊ အကြီးအကဲထဲကပေါ့နော်၊ တပ်မတော်ကပဲ လာဖူးတာဆိုတော့၊ အရပ်ဖက်အကြီးအကဲထဲက လာဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ ပြီးခဲ့တဲ့နှစ်တွေနဲ့စာရင် ပြောင်းလဲသွားမယ်လို့ ထင်တယ်။ ဒီမှာက အပြင်ကနေ လာတဲ့သူ သိပ်မရှိဘူး။ ပြောမယ်ဆိုရင် ဒီနေရာက လုံခြုံရေးအရ ကန့်သတ် နယ်မြေလိုမျိုး ဖြစ်နေတယ်။ အခုကတော့ သိပ်တော့ပြောမရဘူး။ နဂိုအတိုင်းတော့ ဖြစ်လောက်မယ် မယူဆဘူး။ နဂိုက အတော်လေး အပြတ်အသတ်ကွာတယ်။ နောက်ပိုင်း ဒီလို အတိုင်ပင်ခံကိုယ်တိုင် ရောက်လာတာဆိုတော့ နဂိုလိုတော့ ပြောလို့မရဘူး“

ဒီခရီးစဉ်ကြောင့် အရင်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွက် မဲရလဒ် အပြောင်းအလဲတွေ ရှိနိုင်လားလို့ RFA က ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို မေးမြန်းရာမှာ အပြောင်းအလဲ မရှိနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

“သုံးသပ်စရာလည်း အကြောင်းမရှိပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နေပါတယ်။  USDP အနေနဲ့ လုပ်သင့် လုပ်ထိုက်တာတွေကိုပဲ ဆက်လုပ်သွားမယ်။ အပြောင်းအလဲ ရှိမယ်လို့လည်း မမျှော်လင့်ပါဘူး“

လူဦးရေ တစ်ထောင်ကျော်သာရှိတဲ့ ကိုကိုးကျွန်းမြို့နယ်ဟာ ရန်ကုန်ကနေ မိုင်နှစ်ရာကျော်ဝေးကွာပြီး ဒေသခံတွေဟာ ရန်ကုန်ကနေ  တစ်ခါတရံ ရောက်လာတဲ့ သင်္ဘော၊ တပ်မတော်လေယာဉ်တို့နဲ့ပဲ ပြင်ပကို သွားလာဆယ်သွယ်နိုင်ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ ကိုကိုးကျွန်းဟာ ရေတပ်အခြေစိုက်စခန်း ဖြစ်တဲ့အလျောက် တပ်မတော်ဘက်က လိုလားတဲ့ခေါင်းဆောင်တွေပဲ အနိုင်ရနိုင်ချေ များတယ်လို့ သုံးသပ်ပါတယ်။

“၁၉၉၀ တုန်းကတော့ ကိုကိုးကျွန်းမှာ NLD ကပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကိုကိုးကျွန်းက ရေတပ်အခြေစိုက်စခန်း ဖြစ်တဲ့အလျောက်၊ နောက်တစ်ခုက နေတဲ့အရေအတွက်ကလည်း သေချာတော့ မသိဘူး၊  နည်းမယ်ပေါ့၊  တပ်မတော်ဘက်က လိုလားတဲ့ခေါင်းဆောင်တွေပဲ အနိုင်ရဖို့ များပါတယ်။  ဒီလိုအနေအထားတော့ ရှိပါတယ်“

ကိုကိုးကျွန်းဟာ အရင်က တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရသူတွေကို ပို့တဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပြီး ရေတပ်ကပဲ တာဝန်ယူထားတဲ့နေရာပါ။  လက်ရှိ ကျွန်းပေါ်မှာ ရေတပ်နဲ့ အစိုးရဝန်ထမ်းတွေ အပါအဝင် လူဦးရေ တစ်ထောင်စွန်းစွန်းသာရှိပြီး ဒေသခံတွေကတော့ ငါး၊ မျှော့၊ ခရု ဖမ်းတဲ့ ရေလုပ်ငန်းတွေနဲ့ ဘုရားဆင်းတုတော်၊ ပုတီးလုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ ကနဦးကြေညာထားတဲ့ မဲစာရင်းအရ ကိုကိုးကျွန်းမြို့နယ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးလို့ မဲပေးခွင့်ရှိ သူ ၁၃၄၂ ယောက် ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်ခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။