ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရတဲ့ အဂတိမှုငါးမှု စွဲချက်တင်၊ မတင် မနက်ဖြန်အမိန့်ချမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို စွပ်စွဲထားတဲ့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းကိစ္စနဲ့ သက်ဆိုင်တဲ့ အဂတိအမှုငါးမှုကို စွဲချက်တင်သင့်၊ မတင်သင့် အောက်တိုဘာ ၁၇ ရက် ဒီနေ့ရုံးချိန်းမှာ နှစ်ဖက်စလုံးက လျှောက်လဲချက်ပေးခဲ့ကြတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အမှုနဲ့ပတ်သက်လို့ ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးခဲ့ကြတာလို့ ဆိုပါတယ်။
နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ ဒီအမှုကို ကိုင်တွယ်စစ်ဆေးနေတဲ့ မန္တလေးတိုင်း တရားသူကြီး ဦးမြင့်ဆန်းကတော့ စွဲချက်တင်သင့် မတင်သင့်ကို အောက်တိုဘာ ၁၈ ရက်နေ့ မနက်ဖြန်ရုံးချိန်းမှာ အမိန့်ချမယ်လို့ ဆုံးဖြတ်ပါတယ်။
ဒီအမှုတွေအတွက် နောက်ထပ်စစ်ဆေးဖို့ တရားလိုပြသက်သေ ငါးဦးခန့် ကျန်နေသေး တာကြောင့် အဲဒီ တရားလိုပြသက်သေတွေကို ထပ်မံစစ်ဆေးဖို့ ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အခုစွပ်စွဲထားတဲ့ အဂတိမှုအမှု ငါးမှုက နောက်ဆုံးကျန်နေတဲ့ အမှုတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကပဲ အဂတိမှုနှစ်မှုအတွက် ထောင်သုံးနှစ်ချမှတ်ခဲ့ တာကြောင့် စုစုပေါင်း အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံထားရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အသစ်တွေ ထပ်မံချမှတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက အောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။