တရားစွဲခံရတဲ့အမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချေပမည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ အမှုနှစ်ခုအတွက် သူကိုယ်တိုင်ထွက်ဆိုသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
နိုဝင်ဘာလ ၁၅ ရက် ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ အဲဒီအမှုနှစ်မှုအတွက် စွပ်စွပ်ခံရသူဘက်က ထွက်ဆိုမယ့်သက်သေစာရင်း တင်ပြဖို့ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က နောက်တစ်ပတ် တနင်္လာနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ရုံးချိန်းမှာ ကိုယ်တိုင် ထွက်ဆိုဖို့နဲ့ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အမှုနဲ့ပတ်သက်လို့ အပြီးသတ် လျှောက်လှဲချက်ပေးဖို့ တရား ရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းစဉ်မှာ သူရဲ့သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိအဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jummer တစ်စုံ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲထားတဲ့အမှုတွေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ အမှုနှစ်ခုကတော့ ဒီနေ့မစစ်ဖြစ်ဘဲ နောက်တစ်ပတ် တနင်္လာနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
ဒီအမှုတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ၌ချုပ် NLD မဲဆွယ်ယာဉ်တန်း လှည့်လည်တာကို နေအိမ်ရှေ့ထွက် လက်ပြခဲ့တာဟာ ကိုဗစ်စည်းကမ်းတွေနဲ့ မညီဘူးဆိုပြီး စစ်ကောင်စီ ဘက်က စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။