ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ကျန် အယူခံအမှုအားလုံး ဒီနေ့ အပြီးကြားနာ

RFA Burmese
2023.12.05
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ကျန် အယူခံအမှုအားလုံး ဒီနေ့ အပြီးကြားနာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ရစဉ်။
Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားတဲ့အမှု (၁၉) မှုထဲက အထူးအယူခံတင်ထားတဲ့ လက်ကျန်အမှုအားလုံး ဒီဇင်ဘာ ၅ ရက် ဒီနေ့ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမှု (၁၉) မှုထဲက မပြီးပြတ်သေးတဲ့ အမှုရှစ်မှုကျန်နေတာဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်မနေ့က တစ်မှုနဲ့ ဒီနေ့မှာ ခုနစ်မှုကို အပြီးကြားနာခဲ့တာပါ။

အခြားအမှုတွေကတော့ အထူးအယူခံအဆင့်ထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ပယ်ချခြင်း ခံထားရပါတယ်။

ဒီနေ့မှာ (NLD) အစိုးရလက်ထက် ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေနဲ့သက်ဆိုင်တဲ့ အဂတိအမှုငါးမှု၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုတို့အတွက် အထူးအယူခံ လက်ခံသင့်၊ မသင့် ကြားနာခဲ့တာပါ။

ဒီအမှုတွေထဲက ရဟတ်ယာဉ်နဲ့ သက်ဆိုင်တဲ့ အမှုငါးမှုနဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အမှုတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပြင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ပါ ပူးတွဲစွဲဆိုခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီအမှုတွေရဲ့ အထူးအယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်ခံပေးဖို့အတွက် လျှောက်ထားခဲ့ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်မနေ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံကနေ ဒေါ်အောင်ဆန်းစုကြည်က ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူတယ်လို့ စွပ်စွဲ ထောင်ချခံထားရတဲ့ အမှုအတွက် အထူးအယူခံကို နှစ်ဖက်ကြားနာခဲ့ပါတယ်။

အခုကြားနာထားတဲ့အမှုတွေအတွက် နောက်ရုံးချိန်းမှာ အမိန့်ချမှာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်လကျော် ကြာမြင့်နိုင်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

အဲဒီအယူခံအမှုတွေအတွက် အမှုသည်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ သူ့ရဲ့ ရှေ့နေအဖွဲ့က နေပြည်တော် အကျဉ်းဦးစီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကို စာနဲ့ တရားဝင်တောင်းဆိုထားပေမယ့် အကြောင်းပြန်တာ မရှိသေးဘူးလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကတော့ အောက်တိုဘာကုန်ပိုင်းမှာ ဇနီးဖြစ်သူ ဒေါ်ချိုချိုက လူချင်းတွေ့ခွင့်ရခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောထားပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ် ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ်လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် လက်ရှိ ထောင် (၂၇) နှစ် ဆက်လက်ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။