ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင်ဒဏ်လေးနှစ်စီချမှတ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဒီနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် လေးနှစ်စီ အသီးသီးချမှတ်လိုက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကို ထောင်ဒဏ် နှစ်နှစ်ချလိုက်ပါတယ်။
လက်ရှိမှာ အသက် ၇၆ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကစွဲထားတဲ့ အမှု ပေါင်း ၁၁ မှုထဲက ကိုဗစ်ကာလသတ်မှတ်ချက်ဖြစ်တဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ ချိုးဖောက်တဲ့အတွက်ဆိုပြီး နှစ်နှစ်၊ အများပြည်သူအကျိုးကို ပျက်စီးစေမှုဆိုတဲ့ ပုဒ်မ - ၅၀၅ (ခ) အတွက် နှစ်နှစ်၊ စုစုပေါင်း လေးနှစ် သီးခြားစီကျခံဖို့ ပထမဆုံးအနေနဲ့ ချလိုက်တာပါ။
အလားတူ သမ္မတ ဦးဝင်းမြင့်ကိုလည်း အဲဒီပုဒ်မ နှစ်ခုအတွက် လေးနှစ် ချတာဖြစ်ပြီး၊ ဒေါက်တာ မျိုးအောင် ကိုတော့ ၅၀၅ (ခ) အတွက် နှစ်နှစ်ချလိုက်တာပါ။
နေပြည်တော် အထူးတရားရုံးမှာ အထူးတရားသူကြီး ဦးမောင်မောင်လွင်က အမိန့်ချမှတ်လိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
"တရားရေးမဏ္ဍိုင်ကို စစ်အာဏာသိမ်းထားတဲ့ အနေအထားမျိုးနဲ့ လုပ်ချင်သလို လုပ်တော့မယ်ဆိုတာတော့ မှန်းထားပြီးသားပါပဲ"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ငါးယောက်စလုံးကို တရားရုံးက ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မီဒီယာတွေကို မပြောဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စစ်ကောင်စီက ပိတ်ပင်ထား တာကြောင့် ဒီနေ့ တရားရုံးရဲ့ စီရင်ချက် အသေးစိတ်ကို မသိရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားရုံးက ထောင်ဒဏ်အမိန့်ချမှတ်လိုက်တဲ့အတွက် လက်ရှိထားတဲ့ အိမ်တွေကနေ အကျဉ်းထောင်တွေဆီ ပို့မှာလားဆိုတာကို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးတဲ့အခါ အခုလို ပြောပါတယ်။
“တရားစီရင်ရေးမဏ္ဍိုင်ရဲ့ တရားစီရင်ချက်ပဲလေ။ သူတို့အနေနဲ့ကတော့ လိုအပ်တဲ့ သက်သေအထောက် အထားရယ်၊ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေရယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ကျ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်ဗျ။ သူ (ဒေါ်အောင်ဆန်းစုကြည်) ယခင်နေရာမှာပဲ ရှိပါတယ်ဗျ”
ဒါပေမဲ့ ယခင်နေရာဆိုတာဟာ ဘယ်နေရာဖြစ်တယ်ဆိုတာကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ဖော်ပြော ဆိုခြင်း မရှိပါဘူး။
မေလ ၂၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်ပြီး တစ်ပတ်အကြာ မှာ သူအပါအဝင် သူနဲ့တစ်အိမ်တည်းနေထိုင်တဲ့သူအားလုံးကို မူလနေထိုင်ခဲ့တဲ့ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိ ရပ်ကွက်၊ မြနန်းဘုံသာလမ်းက ခြံအမှတ် - ၃၃ (အေ) နေအိမ်ကနေ နောက်ထပ် လျှို့ဝှက်နေရာ တစ်ခုကို စစ်ကောင်စီက ရွှေ့ပြောင်းခဲ့ပါတယ်။ အဲဒီနေရာကိုလည်း စစ်ကောင်စီက တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ကို စွပ်စွဲအမိန့်ချလိုက်တဲ့ အများပြည်သူ အကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) နဲ့ စွဲထားတဲ့အမှုကတော့ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ အမှုဖြစ်ပါတယ်။
အဲဒီကြေညာချက်တွေထဲမှာ နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထား သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာသာတည်ရှိပြီး စစ် ကောင်စီမှာ မရှိကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒါအပြင် သမ္မတ ဦးဝင်းမြင့် အစိုးရကသာ တရားဝင်အစိုးရဖြစ်ပြီး စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် ဥပဒေအမျိုးမျိုးချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ခဲ့ခြင်းသာ ဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီကြေညာချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှသာ ထွက်လာတာဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလို အမိန့်ချတာဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ ရန်ကုန်မြို့က တရား လွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က RFA ကို ပြောပါတယ်။
“ဥပဒေနဲ့ညီညွတ်မှု မရှိဘူးလို့ အကြမ်းဖျင်း သုံးသပ်လို့ရတာပေါ့။ ဘာကြောင့်တုန်းဆိုရင် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို နစက ပေါ့နော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတက်တဲ့ ဖေဖော် ဝါရီ ၁ ရက်နေ့ မနက် ၂ နာရီကတည်းက ဒီအထဲမှာ ကိုယ်အားဖြင့်၊ နှုတ်အားဖြင့်၊ နှုတ်အမူအရာအားဖြင့် တိုက်ရိုက်ပါဝင်ခြင်းမရှိတဲ့ ပါဝင်ဖို့လည်း အခြေအနေမပေးတဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာ ပြစ်ဒဏ်စီရင်တယ် ဟေ့ ဆိုရင်တော့ ဒါသည် ဥပဒေနဲ့တော့ ညီညွတ်လိမ့်မယ် မဟုတ်ဘူး။ တရားမျှတမှုပေါ့၊ ဥပဒေကပေးတဲ့ တရားမျှတမှု သဘာဝတရားမျှတမှုနဲ့တော့ ညီညွတ်မယ် မဟုတ်ဘူးလို့ ဒီလိုကျနော်တို့ ပြောလို့ရပါတယ်”
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ သုံးဦးကလည်း အခုထုတ်ပြန်ချက် တွေက သူတို့ကို ဖမ်းဆီးခံရပြီး ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားချိန်မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေ ဖြစ်တာကြောင့် သူတို့မှာ အပြစ်မရှိတဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒပုဒ်မ - ၂၅ နဲ့ စွဲဆိုထားတဲ့အမှုကတော့ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် စက်တင်ဘာလ ၁၉ ရက်နေ့က NLD ပါတီရဲ့ မဲဆွယ်ကားတန်း လှည့်လည်တာကို သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ရှေ့တွေမှာ ထွက်ပြီးလက်ပြနှုတ်ဆက်တဲ့ လုပ်ရပ်အတွက် ကိုဗစ်ကပ်ရောဂါကာလ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တာဆိုပြီး စွဲထားတဲ့အမှုဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို နှုတ်ဆက်တာဟာ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဥပဒေကိုချိုးဖောက်ခဲ့ခြင်း မရှိဘူးလို့ နိုဝင်ဘာလ ၁ ရက်နေ့က တရားရုံးချိန်းမှာ ထုချေထားပါတယ်။
အခုလို အမိန့်ချတာနဲ့ ပတ်သက်လို့ စစ်အာဏာရှင်လက်အောက်က တရားစီရင်ရေးဖြစ်တဲ့အတွက် အများကြီး မမျှော်လင့်ဘဲ အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေဖို့ပဲ မျှော်လင့်မိတယ်လို့ နေပြည်တော် ပျဉ်းမနားက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကကတော့ အမေစု ကျန်းမာနေဖို့ပဲ မျှော်လင့်တယ်။ ဒီတစ်မှုပြီးသွားပေမယ့်လည်း နောက်အမှုတွေ အတွက်လည်း ထောင်ချနိုင်တယ်။ အမေစုကတော့ ပြုံးနေမှာပါ ဘာလို့လဲဆိုရင် ဒါဟာ သူ့အတွက် ပထမဦးဆုံးအကြိမ်မှ မဟုတ်တော့တာနော်။ နောက်တစ်ခုက အမေစုဟာ အခုဆိုရင် အသက် ၇၀ ကျော်ပြီပေါ့နော်။ သူ့အသက်အရွယ်အရ သူ့ကို နေအိမ်အကျယ်ချုပ် ချထားတာတွေ သူ့ကို နှစ်ရှည်လများ ထောင်ချဖို့ လုပ်နေတာတွေက တကယ်ဆို ဒီလိုကိစ္စတွေက မဖြစ်သင့်တော့ဘူး။ ရှိလည်း မရှိသင့်တော့ ဘူး။ အရမ်းလည်း သနားစရာကောင်းတယ်။ အရမ်းလည်း ပင်ပန်းနေလောက်ပြီပေါ့နော်။ စိတ်လည်း မကောင်းဘူး ဝမ်းနည်းတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က အခုလို တုံ့ပြန်ပါတယ်။
“အဲဒါကတော့ဗျာ စစွဲကတည်းကိုက လွှတ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ထောင်ကိုချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နဂိုကတည်းက ကြိုတင်ပြီးတော့ ပြဌာန်းထားပြီးသားဖြစ်နေတာကိုး။ ဥပဒေမှာ ဘယ်လိုပဲ ပြဌာန်းထားသည်ဖြစ်စေ သက်သေခံ ခိုင်လုံမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အကြောင်းယုတ္တိ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ တရားရေးမဏ္ဍိုင်ကို စစ်အာဏာသိမ်းထားတဲ့ အနေအထားမျိုးနဲ့ လုပ်ချင်သလို လုပ်တော့မယ်ဆိုတာတော့ မှန်းထားပြီးသားပါပဲဗျာ။ အဲဒီအပေါ်မှာမူတည်ပြီးတော့ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိတဲ့ ပုံစံမျိုးနဲ့ အမိန့်ချလိုက်တယ်လို့ပဲ ကျနော်တို့ကတော့ ဒီတိုင်းမြင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို အခုလို အမိန့်ချတာက ပြည်သူလူထုကို စစ်ခေါင်းဆောင်ရဲ့ ကြောက်ရွံ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လုပ်ရပ်လို့ NLD ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘိုဘိုဦးက ဝေဖန်ပါတယ်။
“ထောင်လေးနှစ်ချတယ်ဆိုတာ ဘယ်လိုခေါ်မလဲ ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ကျနော်တို့အားလုံး ခံစားနေရာတာတွေ ထက်စာလို့ရှိရင် ဒါနောက်ဆုံးပိတ် သိရတဲ့ အချက်ကလေး တစ်ချက်ပေါ့နော်။ ခံစားနေရတာတွေ အများကြီးပါ။ ဒါဟာ သူ့ရဲ့ အငုပ်စိတ်ကြောင့် ဖြစ်နေတာ။ NLD ကို ကြောက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်တယ်။ ဦးဝင်းမြင့်ကို ကြောက်တယ်။ အမှန်တရားကို ကြောက်တယ်။ ပြည်သူလူထုကို ကြောက်တယ်။ ဘာမှ သူ့မှာကောင်းတာ မရှိဘူး။ အကုန်လုံး လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ပဲ ဖုံးလွှမ်းနေတော့တာပဲဗျ”

Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်တဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်မှုကို ထိန်းချုပ်ပြီး အတိုက် အခံအားလုံးကို ဖယ်ရှားဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားတဲ့ စစ်ကောင်စီရဲ့ လတ်တလောလုပ်ပြလိုက်တဲ့ နမူနာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Ming Yu Hah က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ပြစ်တင်ဝေဖန်ထားပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ဒီမိုကရေစီစနစ်ကိုဖိနှိပ်ဖို့ စစ်ကောင်စီရဲ့ နောက်ထပ်စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး၊ ဒါဟာ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘဲ နောက်ထပ်လူထုအုံကြွမှုကို တွန်းပို့ရာရောက်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Lizz Truss က ဒီနေ့ညနေမှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ အပါအဝင် စုစုပေါင်း ၁၁ မှုနဲ့ တရားစွဲခံနေရတာ ဖြစ်ပါ တယ်။ အဲဒီအပြင် ရွေးကောက်ပွဲ မသမာမှုနဲ့ အဂတိလိုက်စားမှု တစ်ခုထပ် တိုးထားတယ်လို့သိရတဲ့အတွက် စုစုပေါင်း ၁၃ မှုအတွက် စစ်ကောင်စီရဲ့ စီရင်ချက်ချတာခံရမှာ ဖြစ်ပါတယ်။
အဲဒီအမှုတွေ အကုန်လုံးကိုသာ တစ်မှုချင်းအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေချခဲ့မယ်ဆိုရင် သူဟာ စုစုပေါင်း ထောင်ဒဏ် အနှစ် ၁၀၀ ကျော်ချမှတ်ခံရမှာ ဖြစ်ပါတယ်။