မဲစာရင်းမှားယွင်းမှု ကော့မှူး မှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဆွေးနွေး
2015.07.04

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ကော့မှုးမြို့နယ်ထဲက မဲစာရင်း ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မဲစာရင်းအမှားအယွင်းတွေနဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တာဖြစ်ကြောင်း ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြတ်က ပြောပါတယ်။
"အန်ကယ်တို့ ကော်မတီရုံးကို အန်တီကမလာပါဘူး၊ အထွေထွေအုပ်ချုပ်ရေးရုံးမှာပဲ အကုန်လုံး ဆုံပြီးတော့တွေ့တယ်၊ ကော်မရှင်ရုံးနဲ့ပတ်သက်ပြီးတော့ နည်းနည်းပါးပါးမေးတယ်ပေါ့၊ မဲစာရင်းတွေက အမှားများတယ်ဘာညာ အဲ့ဒါမေးတယ်၊ တစ်နိုင်ငံလုံးတော့ အမှားရှိနိုင်တယ်ပေါ့၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သိပ်တော့မမေးပါဘူး၊ အဲ့ဒါတွေက ဒီမှာအကြမ်းသာလုပ်တာ အဲ့ဒီမှာ ကျနော်တို့ အမှားတွေတင်စရာရှိတာ တင်မယ်၊ မလိုတဲ့လူတွေဖယ်မယ် လိုတဲ့လူတွေကို ထပ်တင်မယ်ဆိုတဲ့သဘောနဲ့ အဲ့လိုအနည်း အကျဉ်းလေး ပြောဖြစ်ပါတယ်"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်က မဲစာရင်း မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကော့မှူးမြို့နယ်က အခြေခံမဲဆန္ဒရှင် စာရင်းတွေကို ဇွန်လ ၂၂ ရက်နေ့ကနေ စတင်ထုတ်ပြန်ပေးခဲ့ကာ မဲစာရင်းကို လာရောက်ကြည့်ရှုသူ နည်းပါးနေတယ်လို့လည်း သိရပါတယ်။
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။