ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိစွာ ဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2013.12.18
dassk-tharyarwaddy-305.jpg ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကကျင်းပတဲ့ ၂ဝဝ၈ အခြေခံ ဥပဒေဖွဲ့စည်းပုံဆိုင်ရာ လူထုသဘောထားရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

ဒေါ်အောင်ဆန်းစုကြည်က မိမိဂုဏ်သိက္ခာကို တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြုပြင်ပဲနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူးလို့ သာယာဝတီမြို့မှာ ပြောခဲ့တာကို တချို့က ဒါဟာလာမယ့်ရွေးကောက်ပွဲကို NLD က သပိတ်မှောက်လိမ့်မယ်လို့ ရည်ညွန်းပြောဆို တာဖြစ်နိုင်ကြောင်း ယူဆနေကြတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဒါဟာတဖက်သတ်အပေါ်စီး ကနေ ရွေးကောက်ပွဲ ယှဉ်ပြိုင်လိုစိတ်ရှိသူတွေကို ရည်ညွန်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်ပါတယ်။

“အဲဒါကတော့ မတရားတဲ့ရွေးကောက်ပွဲကို မဝင်ဘူးဆိုတာဟာ ဒီလိုဟာမှာ ယှဉ်ပြိုင်ချင်စိတ် မရှိတာကိုပေါ့နော် ပြောတာပါ၊ ကိုယ်ကနေပြီးတော့ တစ်ဘက်ကနေပြီးတော့ အသာရထားတဲ့ပွဲမှာ ယှဉ်ပြိုင်ချင်စိတ်ရှိတာ ကိုယ့်သိက္ခာကိုကိုယ် မထောက်ထားရာရောက်ပါတယ်”

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။  တဆက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်က မြို့နယ်တမြို့နယ်ကို ဖွံ့ဖြိုးရေးအသုံးစရိတ်အဖြစ် ကျပ်သိန်းတစ်ထောင်စီ ချပေးမယ့်ကိစ္စကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်မထိုးဘဲ လွှတ်တော်ကိုပြန်ပို့လိုက်တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ သမ္မတကြီးရဲ့ အကြောင်းပြချက် မှားယွင်းတယ်လို့ ရှုမြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“သမ္မတအနေနဲ့ လက်မှတ်မထိုးရတဲ့အကြောင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အချက်တချို့ကို ထောက်ပြပါတယ်၊ ကျမအမြင်မှာတော့ ဒီဟာက အကြောင်းပြချက်က မမှန်ပါဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီလိုဖွံ့ဖြိုးမှုရန်ပုံငွေကို မသုံးဖို့ ဒီလိုရန်ပုံငွေပုံစံမျိုးနဲ့ မလုပ်ဖို့ တားမြစ်ထားတာ မရှိပါဘူး”

ဒါ့အပြင် ၂ဝ၁၄ ခုနှစ်အကြို နှုတ်ခွန်းဆက်စကားအဖြစ် မြန်မာနိုင်ငံသားအားလုံး တိုင်းပြည်တိုးတက်ရေး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာတွေဆောင်ရွက်သင့်တယ်ဆိုတာကို မိမိတို့ဘဝမှာ တစ်ကြိမ်တစ်ခါအဖြစ် လေးလေးနက်နက် စဉ်းစားကြည့်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။