ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မြိုနယ်အတွင်း စတင် မဲဆွယ်ဟောပြော
2015.09.21

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်က ကျေးရွာတွေမှာ ဒီကနေ့ စပြီးမဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ထဲက အဖျောက်၊ နတ်စင်ကုန်းနဲ့ မဆယ်ဆိပ်ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးဟောပြောခဲ့တာပါ။ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် အုပ်ချုပ်ရေးစနစ် မှန်ကန်ကောင်းမွန်အောင် ပြုပြင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"ရွေးကောက်ပွဲမှာ ဝင်ပြီးယှဉ်ပြိုင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ချင် လို့၊ ဘာလို့အစိုးရ ဖွဲ့ချင်လို့လည်းမေးရင် လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ကျမဥပမာပြောပါရစေ၊ ကျမတို့ပြည်သူတွေလည်း သတိထားမိမှာပေါ့၊ လမ်းတွေက ပြင်သာပြင်တယ် မိုးရွာပြီးလို့ရှိရင် အခြေအနေက မကောင်းတော့ဘူး၊ တစ်နှစ်တစ်နှစ် ပြန်ပြီးလုပ်နေရတယ်၊ အဲ့ဒါဘာနဲ့ဆိုင်သလဲဆိုတာ အဲ့ဒါစနစ်နဲ့ဆိုင်တယ်၊ အုပ်ချုပ်ရေးစနစ်ကို မပြောင်းဘဲနဲ့ အစိုးရကိုမပြောင်းဘဲနဲ့ တချို့ကိစ္စကို ပြောင်းလို့မရဘူး၊ ဒီနိုင်ငံမှာ ဆိုရင် နိုင်ငံရေးပါတီအကြီးဆုံးက နှစ်ခုပဲရှိတယ်ဆိုတာ အများသိတာပဲ၊ တစ်ခုမဟုတ်တစ်ခုဟာ အစိုးရဖွဲ့ရမှာပဲ၊ ကျမတို့ကပြောမယ်၊ ကျမတို့ ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ရေးအတွက် မဲပေးကြပါလို့ ကျမပွင့်ပွင့်လင်း လင်းပြောချင်ပါတယ်"
ဒီကနေ့ မဲဆွယ်စည်းရုံးဟောပြောရာမှာ ပြည်သူတွေအနေနဲ့ မဲပေးကြရာမှာ ရဲရဲဝံ့ဝံ့နဲ့ မဲသွားပေးကြဖို့ကိုလည်း အဓိကထား ဟောပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရဲ့ ဟိုတယ်သင်တန်းကျောင်းမှာ ဒီကနေ့ ညအိပ်ရပ်နားမှာဖြစ်ပြီး၊ မနက်ဖြန်မှာတော့ ဝါးဘလောက်သောက်ကျေးရွာ နဲ့ ဒေးဒရဲမြို့ကို မဲဆွယ်စည်းရုံးရေး သွားရောက်မှာဖြစ်ပါတယ်။
ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးဟောပြောပွဲကို သတင်းယူနေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။