ဒေါ်အောင်ဆန်းစုကြည်အမှု စွဲချက်တင်သင့်၊ မတင်သင့် ရှေ့အပတ် အမိန့်ချမည်
2021.09.14

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင် တို့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှုနဲ့ စွဲချက်တင်သင့်၊ မတင်သင့်ကို နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ကြပြီး နောက်အပတ်မှာ အမိန့်ချမှတ် မယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ မနေ့က ရုံးထုတ်တဲ့အချိန်မှာ ကားမူးပြီး နေထိုင်မကောင်း ဖြစ်လို့ ရုံးချိန်းခွင့်တိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ ပြန်ကျန်းမာလာပြီဖြစ်သလို ပြည်သူတွေ အတွက် အမြဲဆုတောင်းမေတ္တာပို့နေတယ်လို့လည်း ဒီနေ့ တရားရုံးချိန်းအတွင်း ရှေ့နေတွေနဲ့ တွေ့ချိန်မှာ ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည် တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အမှုတွေထဲက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုနဲ့ စွဲချက်တင်သင့်၊ မတင်သင့်အတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က သီးသန့် အထူးတရားရုံးမှာ ဒီနေ့ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပါတယ်။
အချိန်နှစ်လကြာတရားရုံးချိန်းတွေ ရပ်နားထားရာက မနေ့က ပြန်လည်စစ်ဆေးဖို့ ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်းကိုလာရောက်ချိန် ကားမူးပြီး နေထိုင်မကောင်းဖြစ်လာတဲ့အတွက် အမှုတွေကို မစစ်ဆေးခဲ့ဘဲ ခွင့်တိုင်ကြားခဲ့ရတာပါ။ ဒီနေ့မှာ ကျန်းမာရေး ပြန်ကောင်းမွန်လာတာကြောင့် အမှုကိုနှစ်ဖက်လျှောက်လဲချက် ပေးခဲ့ကြတာပါ။
စွဲချက်မတင်သင့်ဆိုတာကို ရှေ့နေတွေက တင်ပြခဲ့ပြီး လာမယ့်အပတ်ရုံးချိန်မှာတော့ စွဲချက်တင်၊ မတင် အမိန့်ချမှတ်မှာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။
“၅၀၅ (ခ) အမှုနဲ့ ပတ်သက်ပြီး သုံးဦးစလုံးအတွက် စွဲချက်လျှောက်လဲချက် နှစ်ဖက်ကြားနာပါတယ်။ ကြားနာပြီးတော့မှ အဲဒီအမှုအတွက်ကတော့ နောက်တစ်ပတ် အင်္ဂါနေ့မှာတော့ စွဲချက်အမိန့်ချမယ်လို့ ပြောပါတယ်။ ကျမတို့ဘက်ကတော့ စွဲချက်မတင်သင့်ဘူး ဆိုတဲ့အကြောင်း လျှောက်လဲချက်ပေးပြီးတော့ တစ်ဘက်က ဥပဒေတွေဘက်ကတော့ စွဲချက်တင်သင့်တယ် ဆိုတဲ့လျှောက်လဲချက်၊ နှစ်ဖက်လျှောက်လဲ ချက် ပေးရပါတယ်၊ ဒီနေ့က လာမယ့်ရုံးချိန်းမှာ စွဲချက်အမိန့်ချမှာပါ။ စွဲချက်တင်သင့် မတင်သင့် ဆိုတဲ့ အမိန့်ကို တရားရုံးကချမှာပါ”
အခု လျှောက်လဲချက်ပေးရတဲ့အမှုက NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် တို့ကို ပုဒ်မ ၅၀၅ (ခ)နဲ့ အရေးယူထားတဲ့ အမှုဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်တွေက နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အဆက်အသွယ်ဖြတ်ထားချိန် စစ်ဏာသိမ်း မှုကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ နောက်ထပ်အမှုတွေထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုကိုလည်း ဒီနေ့ စစ်ဆေးရမှာဖြစ်ပေမယ့် ဆင့်ခေါ်ထားတဲ့ တရားလိုပြသက်သေတွေ မလာတာ ကြောင့် မစစ်ဆေးနိုင်ခဲ့ဘဲ နောက်တစ်ပတ်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
အဲဒီ သဘာဝဘေးအန္တရာယ်ပုဒ်မ - ၂၅ အမှုကတော့ ပြီးခဲ့တဲ့ ၂၀၂၀ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗုသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကို လာရောက်ချိန်လူစုလူဝေးဖြစ်ခဲ့တာဟာ ကိုဗစ်စည်းကမ်းနဲ့ မညီဘူး ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ချိန်မှာ စစ်ကောင်စီက ထပ်မံစွဲဆိုခဲ့တဲ့ အမှုဖြစ်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က မနေ့က မူးနေပေမယ့်လို့ ကောင်းသွားပါပြီ။"
ဒီနေ့ တရားရုံးချိန်းမှာ အကျိုးဆောင်ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုကိစ္စအကြောင်းအရာတွေ ဆွေးနွေးနိုင်ခဲ့သလို သူ့ကိုစွဲထားတဲ့ နောက်ထပ် အဂတိအမှု ငါးမှုအတွက်လည်း ရှေ့နေကိုယ်စားလှယ်လွှဲစာ ရယူခဲ့တယ်လို့ သူ့ရဲ့အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က မနေ့က မူးနေပေမယ့်လို့ ကောင်းသွားပါပြီ။ သို့သော် နည်းနည်းတော့ မူးတုန်း ပဲလို့ သူပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးနိုင်ပါတယ်။ စကားတွေပြောနိုင်ပါတယ်။ တရားခွင်ကို သူလာနိုင် ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အမှုအကြောင်းအရာ ဆွေးနွေးရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတရားလွှတ်တော်မှာ စွဲထားတဲ့ အဂတိလေးမှု၊ နောက်တခါ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ စွဲထားတဲ့ အဂတိတစ်မှု အဲဒါအတွက် ရှေ့နေကိုယ်စားလှယ်စာတွေ ကျနော်တို့ယူပါတယ်။ ရှေ့နေ ကိုယ်စားလှယ်စာ သူလက်မှတ်ထိုးတယ်။ အဲဒါပြီးတော့ အဲဒါတွေကို ကျနော်တို့တင်ရမှာပါ”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အာဏာသိမ်းပြီး နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပထမဆုံး ရုံးထုတ်ရမန်ယူခဲ့ပါတယ်။
အဲဒီနောက် မေလ ၂၄ ရက်နေ့ကစပြီး နေပြည်တော်ကောင်စီရုံးဝန်းထဲက အဆောက်အအုံတစ်ခုကို သီးသန့် တရားရုံးအဖြစ်ပြောင်းလဲပြီး လူကိုယ်တိုင် စတင်ရုံးထုတ်ခဲ့တာဖြစ်သလို ရုံးချိန်းကိုလည်း တစ်ပတ်ကို တနင်္လာ နဲ့ အင်္ဂါ နှစ်ရက် ရုံးထုတ်စစ်ဆေးလာခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း စစ်ကောင်စီက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာကို အကြောင်းပြပြီး ရုံးပိတ်ရက် ရှည်တွေ ကြေညာခဲ့တာကြောင့် အချိန်နှစ်လတိတိကြာ အမှုတွေကို မစစ်ဆေးဖြစ်ခဲ့ဘဲ ရှေ့နေတွေနဲ့ အဆက် အသွယ်ပြတ်ခဲ့ပါတယ်။
အဲဒီလို အဆက်အသွယ်ပြတ်နေတဲ့ နှစ်လအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အပါအဝင် အခြားအကြောင်းကိစ္စတွေကိုလည်း ပြည်သူလူထုက ကြားသိခွင့်မရခဲ့ပါဘူး။
အခုမနေ့ကစပြီး ပြန်ရုံးထုတ်ခဲ့တဲ့ကာလအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို အမြဲတမ်း ဆုတောင်းမေတ္တာပို့ပေးနေတဲ့အကြောင်းနဲ့ သူ့ရဲ့ရှေ့နေတွေကိုလည်း ဆုတောင်းမေတ္တာ ပို့သပေးနေကြောင်း ပြောဆိုခဲ့ပြီး တခြားထူးထူးခြားခြား မှာတာမျိုးတော့ မရှိဘူးလို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေ တစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အပါအဝင် အမှု စုစုပေါင်း ၁၁ မှုနဲ့ အရေးယူထားပါတယ်။
အဲဒီအမှု ၁၁ မှုလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေချခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၁၀၀ ကျော် ကျခံရနိုင်ပါတယ်။