ဒေါ်အောင်ဆန်းစုကြည်အမှု လူသက်သေမခေါ်တော့ဘဲ ကိုယ်တိုင် ထွက်ဆိုမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ရဲ့ အမှုတွေကို အောက်တိုဘာလ ၅ ရက် ဒီနေ့မှာ နေပြည်တော်က သီးသန့် အထူး တရားရုံးမှာပဲ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
သုံးဦးစလုံးကို စွဲဆိုထားတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ ပတ်သက်လို့ စွဲချက်အမိန့်ချပြီးပြီဖြစ်တဲ့အတွက် ဒီနေ့မှာ စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေလို့ ခေါ်တဲ့ လူသက်သေစာရင်းကို တင်ပြရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလူသက်သေ မတင်သွင်းတော့ဘဲ စွပ်စွဲခံရသူတွေကိုယ်တိုင် ထွက်ဆိုမှာဖြစ်တဲ့အတွက် စွပ်စွဲခံရသူ သုံးဦးစလုံးကို ရုံးချိန်းတစ်ပတ်မှာ တစ်ယောက်စီစစ်ဆေးဖို့ မှုခင်းစီမံခန့်ခွဲမှု (CMP) လုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒါကြောင့် သမ္မတဦးဝင်မြင့်ကို အောက်တိုဘာ ၁၂ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၂၆ ရက်နေ့နဲ့ ဒေါက်တာမျိုးအောင်ကို နို၀င်ဘာ ၂ ရက်နေ့တွေမှာ စစ်ဆေးမှာဖြစ်ပါတယ်။
ဒီအမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုပြီး စစ်ကောင်စီဘက်က စွဲဆို ထားတာဖြစ်ပါတယ်။
အဲဒီကြေညာချက်တွေဟာ စစ်ကောင်စီက သုံးဦးကိုဖမ်းဆီးပြီး NLD ပါတီနဲ့ရော လူထုနဲ့ပါ အဆက်အသွယ် ဖြတ်ထားချိန် ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ CEC အဖွဲ့အမည်နဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို စွဲဆိုထားတဲ့ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှု မှာတော့ နောက်ဆုံးစစ်ဖို့ကျန်နေတဲ့ သက်သေတစ်ဦး မလာတာကြောင့် အဲဒီသက်သေကို မစစ်တော့ဘဲ ရှိပြီးသားတရားလိုပြသက်သေရဲ့ ထွက်ဆိုချက်တွေအပေါ်မှာပဲ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက် ပေးဖို့ တရားရုံးကအမိန့်ချခဲ့ပါတယ်။
ဒါကြောင့် အဲဒီအမှုကိုတော့ အောက်တိုဘာ ၁၂ ရက် နောက်တစ်ပတ်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးရမှာပါ။
ဒီအမှုကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကိုလာရောက်စဉ် လူစုလူဝေးဖြစ်ခဲ့လို့ဆိုပြီး ၂၀၂၁ ဧပြီလ ၁၂ ရက်နေ့ အွန်လိုင်းစနစ်နဲ့ ရုံးထုတ်ချိန်မှာ ထပ်မံစွဲတင်လိုက်တဲ့အမှုဖြစ်ပါတယ်။
ဒီနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့အမှုတွေကို နှစ်ပတ်တစ်ခါ စစ်ဆေးပေးဖို့ တရားရုံးကို လျှောက်လွှာတင်ခဲ့ပြီး အဲဒီတင်ပြချက်အတိုင်း စစ်ဆေးပေးဖို့ ခွင့်ပြု/မပြုကိုတော့ နောက်တစ်ပတ်ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီက အရေးယူထားပါတယ်။