ပြန်လည်ထူထောင်ရေး အရေး ကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2015.08.06
dassk-dawkhinkyifoundation-620.jpg ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို သြဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Daw Khin Kyi Foundation

ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေး အကူအညီတွေပေးနိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နယ်ဒေသရုံးတွေကတဆင့်် မှန်ကန်တဲ့ သတင်းအချက်အလက်တွေပို့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံလိုက်ပါတယ်။ ရေကြီးမှုအပြီး နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးဟာ အရေး ကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

:ပထမပိုင်းမှာတော့ အရေးပေါ်အကူအညီပေးရပါတယ်၊ အခုနောက်ပိုင်းလိုက်လာမှာကတော့ ပြန်လည် ထူထောင်ရေး အရေးပေါ်ကူညီပေးတဲ့အချိန်မှာကတော့ လူတွေက စိတ်ဝင်တစားနဲ့ လုပ်ပေးမယ်ဆိုတာ အမှန်ပါပဲ၊ ဆက်ပြီးတော့ ရေရှည်မှာလုပ်ရမယ့် ပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ စီမံကိန်းတွေ ကျမတို့ချဖို့လိုပါတယ်၊ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ပြည်သူလူထုရဲ့ ဝိုင်းပြီးကူညီတဲ့အထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ပို့ပေးဖို့ဖြစ်ပါတယ်၊ ဒီသတင်း အချက်အလက်တွေကို မြို့အလိုက် ရွာအလိုက် တတ်နိုင်သမျှ နယ်ခံ NLD တွေကနေတဆင့် ပို့ပေးပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"

NLD ပါတီဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့အတူ လက်ရှိရေဘေးသင့်ဒေသတွေမှာ အကူအညီပေးနေတာ ဖြစ် ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်အတွက် အသက်ကယ်လှေ ၃ စီး လှူဒါန်းခဲ့ပြီး နောက်ထပ် အသက်ကယ်လှေအစီး ၃၀၀ လှူဒါန်းသွားဖို့ရှိကြောင်းနဲ့ ရေသန့်၊ ဆန်နဲ့ အသက်ကယ် အင်္ကျီတွေကို ဆက်လက်လှူဒါန်းသွားဖို့ရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကစလို့ ရန်ကုန်၊ စစ်ကိုင်း၊ မကွေးနဲ့ ဧရာတီတိုင်း၊ ရခိုင်၊ ချင်း၊ ကရင်၊ ရှမ်းပြည်နယ်တွေမှာ ရေလွှမ်းမိုးခဲ့မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု နှစ်သိန်းသုံးသောင်းကျော်ရှိခဲ့ပြီး၊ သေဆုံးသူ ၆၉ ယောက် ရှိတယ်လို့ အစိုးရကထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ရေဘေးနောက်ဆုံး အခြေအနေတွေကို RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။