ကိုဗစ်စည်းကမ်းတွေ လိုက်နာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

2021.11.01
ကိုဗစ်စည်းကမ်းတွေ လိုက်နာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ၂၀၂၀ စက်တင်ဘာ ၁၉ ရက်နေ့က NLD မဲဆွယ်ကားတန်းကို ထွက်ပြီးနှုတ်ဆက်စဥ်
AFP Photo
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်ကာလ မဲဆွယ်ယာဉ်တန်းကိုထွက်ပြီး နှုတ်ဆက်ချိန်မှာ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လိုက်နာခဲ့ကြောင်း နို၀င်ဘာလ ၁ ရက်နေ့ ဒီနေ့ နေပြည်တော် က အထူးတရားရုံးချိန်းမှာ ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဒီကနေ့ရုံးချိန်းဟာ ၂၀၂၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲဆွယ်ယာဉ်တန်း လှည့်လည်တာကို နေအိမ်ရှေ့ထွက် လက်ပြခဲ့တာဟာ ကိုဗစ်စည်းကမ်းတွေနဲ့ မညီဘူးဆိုပြီး စစ်ကောင်စီဘက် က စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ (၈)နဲ့ ဆက်သွယ်ရေးပုဒ်မ (၆၇)တို့နဲ့ စွဲထားတဲ့ အမှုတွေအတွက် ဒီနေ့မှာ ပြန်ခေါ်သက်သေ ငါးဦးကို စွပ်စွဲခံရသူတွေဘက်က အပြန်အလှန်စစ်မေးခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီအမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ၀င်ရောက်စီးနင်းစဉ်မှာ သူရဲ့သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိအဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jummer တစ်စုံ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲထားတဲ့အမှုတွေဖြစ်ပါတယ်။
 
ပြန်ခေါ်သက်သေ ငါးဦးကတော့ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦးနဲ့ ရဲမှူးတစ်ဦးတို့ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ဝင်ရောက်စီးနင်းစဉ် ပါ၀င်ခဲ့တဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒီအမှုတွေအားလုံးအတွက် လာမယ့် နို၀င်ဘာ ၈ ရက် တနင်္လာနေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။