ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံက Forum 2000 ညီလာခံကို တက်ရောက်မည်
2013.08.15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံကို ရှေ့လအတွင်း ပထမဆုံးအကြိမ် သွားရောက်မယ်လို့သိရပါတယ်။
ချက်နိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိကျင်းပမယ့် Forum 2000 ညီလာခံကို တက်ရောက်ဖို့အတွက် သွားရောက်မှာဖြစ်ပါတယ်။
Forum 2000 ဖောင်ဒေးရှင်း ကို ကွယ်လွန်သူ ချက်နိုင်ငံသမ္မတ Vaclav Havel က ကမကထပြုပြီး ဂျပန်နိုင်ငံသားအလှူရှင် Yohei Sasakawa ၊ အမေရိကန်နိုင်ငံသား ငြိမ်းချမ်းရေးနိုဘဲဆုရှင် ပါမောက္ခ Elie Wiesel တို့နဲ့အတူ ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီ ဖောင်ဒေးရှင်းက နှစ်ပတ်လည်ညီလာခံတွေ ကျင်းပပါတယ်။ ဒီမိုကရေစီ မြှင့်တင်ရေး၊ အရပ်ဘက် အဖွဲ့အစည်းတွေကို အားပေးထောက်ပံ့ရေး၊ ပဋိပက္ခတွေ လျော့ပါးရေးတွေအတွက် ရည်ရွယ်ပြီး ဆွေးနွေးကြတဲ့ညီလာခံတွေ ဖြစ်ပါတယ်။