နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီဇိုင်းဆွဲထားတဲ့ ဆက်တီ ခုံတွေ ဈေးကွက်မှာ ရောင်းချမည်
2016.11.02

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထားတဲ့ ဆက်တီခုံတွေကို မကြာမီဈေးကွက်အတွင်းမှာ ဖြန့်ချီသွားမယ်လို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။
နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ ဒီနေ့ ကျင်းပတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအပြီးမှာ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ပြောတာဖြစ်ပါတယ်။
"အခုဆိုရင် မှန်နဲ့လုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဒီဇိုင်းနဲ့ပေါ့နော် ကျမတို့ မှန်စားပွဲတွေ ခုလုပ်နေပါပြီ၊ ကျမတို့ ပြီးခဲ့တဲ့ ပြပွဲမှာတုန်းကလည်း ရောင်းတော့ တော်တော်များများကလည်း အော်ဒါတွေပေးလာတယ်ပေါ့၊ သူကိုယ်တိုင် မှန်ရဲ့အကျယ်အဝန်းနဲ့ တိုင်တွေထားမယ့်နေရာကအစ အမြင့်ကအစ သူကဒီဇိုင်းလေးပေးပြီးတော့ ကျမတို့ရဲ့ ပြည်ထောင်စုဝန်ကြီးကနေပြီးတော့ အမကြီးရဲ့လိုအပ်ချက်အတိုင်း ပုံဖော်ပေးတာပေါ့နော်"
အဲဒီဆက်တီတွေဟာ ဒီဇိုင်း သုံးမျိုးရှိပြီး ဈေးနှုန်း ငွေကျပ် တစ်သိန်းကျပ်ကျော်နဲ့ စက်မှုဝန်ကြီးဌာနက အရောင်း ဆိုင်တွေမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ ရောင်းချမယ့် အချိန်ကာလကိုတော့ အတိအကျ မပြောနိုင်သေးဘူး လို့ ပြောပါတယ်။
အဲဒီဆက်တီခုံတွေကို စက်မှုဝန်ကြီးဌာနလက်အောက်က ဝင်းသူဇာအရောင်းဆိုင်တွေကို နာမည် ပြောင်းလဲဖွင့် လှစ်မယ့်ဆိုင်တွေမှာ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအရောင်းဆိုင်တွေကို လတ်တလော နေပြည်တော်၊ ရန်ကုန်၊ မကွေးစတဲ့ မြို့တွေမှာ ၁၀ ဆိုင်ခန့် ဖွင့်လှစ်ထားပြီး လယ်ယာသုံးပစ္စည်း၊ ဆေးဝါး စတာတွေ ရောင်းချပေးမယ်လို့လည်း ဒေါ်အေးအေးဝင်း က ပြောပါတယ်။