ရွှေ့ပြောင်းလုပ်သားကူ ညီရေး ဒေါ်အောင်ဆန်းစုကြည် ကတိပေး
2016.06.25

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အကျဉ်း ကျနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး အမှုကို ဥပဒေကြောင်းအရ ကူညီသင့်တာကူညီပေးမယ် လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို ပြောလိုက်ပါတယ်။
ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ ၁၃ ဖွဲ့နဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်တယ် လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
"လိပ်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ရှေ့နေကတင်ပြတယ်၊ တင်ပြတော့ ဥပဒေကြောင်းအရ လုပ်သင့်လုပ်ထိုက်တာတွေ၊ ကူညီသင့်တာတွေ ကူညီပေးမယ်လို့ အဲ့လောက်ပဲပြောသွားတယ်"
တွေ့ဆုံပွဲမှာ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေ ပညာသင်ကြားရေးကိစ္စတွေကို တင်ပြခဲ့ ကြပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊ ပညာရေးဖောင်ဒေးရှင်း၊ ဘန်ကောက် အလုပ် သမားများကွန်ရက် အပါအဝင် အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ် သမားအဖွဲ့အစည်း စုစုပေါင်း ၁၃ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ ၁၃ ဖွဲ့နဲ့ တွေ့ဆုံပြီး မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေ ကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။