၂ဝ၁၆ လူသားချင်းစာနာမှု ဆု ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လက်ခံ


2016.09.18
dassk-humanitarian-award-620.jpg အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းက ၂ဝ၁၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ဆုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၇ ရက်နေ့က လက်ခံရယူစဉ်
ဓါတ်ပုံ- မြန်မာသံရုံး၊ ဝါရှင်တန်မြို့

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ကို  အမေရိကန် ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းက ၂ဝ၁၆ ခုနှစ်အတွက် လူသားချင်း စာနာမှုဆိုင်ရာဆုကို  စနေနေ့ ညနေပိုင်းက အခမ်းအနားနဲ့ ချီးမြှင့်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လက်ခံခဲ့ပါတယ်။

ဆုလက်ခံတဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အကြောက်တရားအကြောင်း ထည့်သွင်း ပြောကြားခဲ့ရာ မှာ ကွဲပြားခြားနားနေတာတွေအားလုံးရဲ့ မူလဇစ်မြစ်ဟာ အကြောက်တရားလို့ ကျမ ယုံကြည်ပါတယ်၊ ဘာကြောင့် လဲဆိုတော့ အကြောက်တရားက အမုန်းတရားဆီကို ဦးဆောင်သွားလို့ပါ၊ အဲဒီအမုန်းတရားကြောင့် ကွဲပြားတာတွေဖြစ် ရပါတယ်၊ ဒါပေမဲ့လူတိုင်းမှာ ကောင်းမြတ်ခြင်းဆိုတဲ့ သဘော သဘာဝ ရှိနေပါတယ်၊ အဲဒီသဘာဝက အကြောက်တရားကို ကျော်လွန်နိုင်စွမ်းရှိအောင် ကူညီအားပေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မတူကွဲပြားတဲ့ တိုင်းရင်းသားတွေ အချင်းချင်းကြား ဆက်ဆံရေးတွေ ပိုမို ကောင်းမွန်လာအောင် နည်းလမ်းရှာရမှာပါ။ တစ်ဦးနဲ့ တစ်ဦး  အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ မချဉ်းကပ်ကြရင်၊ ရှေ့ကို ခရီးမရောက်နိုင်ပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ရာ သိပ္ပံခန်းမရဲ့ အတွင်းရော၊ အပြင်ဘက်မှာပါ လူတွေရာနဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။ ဒီအတွင်း ကျောင်းသား တချိုဲ့က  ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက် တနင်္လာနေ့မှာ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းစကားပြောကြားမှာဖြစ်ပါတယ်။ အဲဒီနောက် ညနေပိုင်းမှာလည်း Asia Society Policy Institute မှာ မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။