ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် တရားရုံးချိန်း ခွင့်ယူရ
2021.09.13
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့အပေါ် စွဲဆိုထားတဲ့အမှု ရုံးချိန်းတွေကို ရပ်နားထားရာက နေပြည်တော်မှာ ဒီနေ့ ဆက်လက် စစ်ဆေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး အခြေအနေအရ ဒီနေ့မစစ်ဆေးနိုင်ဘဲ အနားယူခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားတဲ့အမှုတွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က နေပြည်တော်မှာ နောက်ဆုံးရုံးထုတ်ပြီး အချိန်နှစ်လတိတိကြာတဲ့ ဒီနေ့မှာ ဆက်ပြီးရုံးထုတ်ခဲ့တာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားရုံး ကို လာရောက်ချိန်မှာ နေထိုင်မကောင်းဖြစ်လာတဲ့အတွက် သူ့ရဲ့အမှုတွေကို မစစ်ဆေးနိုင်ခဲ့ဘူးလို့ ရှေ့နေတွေ က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာကနေ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝင်းထဲက အထူးတရားရုံးကို ကားနဲ့ခေါ်ထုတ်လာတဲ့အခါမှာ ကားမူးပြီး နေထိုင်မကောင်း ဖြစ်လာတာကြောင့် သူ့အမှုတွေကို ဒီနေ့ မစစ်ဖို့ ခွင့်တိုင်လိုက်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်မင်းမင်းစိုး က RFA ကို ပြောပါတယ်။
“အမေက လာတော့လာတယ်ပေါ့နော်။ ကျမတို့နဲ့ခဏတွေ့ပြီး ကားစီးလာတာမူးလို့တဲ့။ ထိုင်ဖို့အဆင်မပြေ တဲ့အတွက်ကြောင့် ကျမတို့က ရုံးချိန်းကို ခွင့်တင်ပေးတာပေါ့နော်။ ခွင့်တင်ပေးပြီး နောက်ရုံးချိန်းမှာ ဆက် စစ်ဖို့ဆိုပြီးတော့မှ ဆက်ပြီးချိန်းလိုက်တာ။ အမေက တော်တော်လေးကို စကားမပြောနိုင် ဖြစ်နေတော့လေ၊ ဒီနေ့က ကားတော်တော်ဆောင့်တယ်တဲ့။ ကားတအားမူးသွားတဲ့အတွက်ကြောင့်မိုလို့ မပြောနိုင်ဘူးပေါ့ နော်။ မနက်ဖြန်ကျမှပဲ ပြောစရာရှိတာတွေ ပြောတော့မယ်လို့ ပြောပါတယ်”
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၃ ရက်နေ့က နောက်ဆုံးရုံးထုတ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေကြောင့် ရုံးပိတ် ရက်တွေကို ကြေညာခဲ့ပါတယ်။ ဒီနေ့မှာ တရားရုံးတွေ ပြန်ပြီးဖွင့်ခဲ့တာပါ။
ရုံးပိတ်ရက်တွေကြောင့် မတွေ့ရတဲ့ နှစ်လတာကာလအတွင်းမှာတော့ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ဒီနေ့ရုံးချိန်းအတွက် ကားစီးလာရာချိန်မှာ လတ်တလောဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပဲ ရှိတယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရုံးကနေ အကျယ်ချုပ်ချထားတဲ့နေအိမ်ကို ချက်ချင်းပြန်ပို့လိုက်ရပြီးတဲ့ နောက် သူ့ရဲ့ကျန်းမာရေးအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
"အမေက တော်တော်လေးကို စကားမပြောနိုင်ဖြစ်နေတော့လေ၊ ဒီနေ့က ကားတော်တော်ဆောင့်တယ်တဲ့"
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က မိသားစုဆရာဝန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အတူ နေထိုင်ခဲ့တာဖြစ် ပေမယ့် အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ စစ်ကောင်စီက တာဝန်ပေးထားတဲ့ ဆရာဝန်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူနေရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကတော့ ကျန်းမာရေးကောင်းမွန်ပြီး သူ့ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နဲ့ စွဲဆိုထားတဲ့အမှု အတွက် တရားလိုပြသက်သေတစ်ယောက်ကို စစ်ဆေးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။
“ဦးဝင်းမြင့် အမှုမှာတော့ တရားလိုပြသက်သေ ဦးမျိုးလှိုင် ဆိုတာ သူက ရှာဖွေသက်သေအဖြစ်နဲ့ အစစ် ခံပါတယ်။ အဲဒီတော့ အမှုတွေက ၁၁ နာရီမှာ ပြီးသွားပါတယ်။ ဦးဝင်းမြင့်အမှုတွေ အပါအဝင် ဒီကနေ့ အမှုတွေအားလုံးကို နောက်တနင်္လာနေ့ စက်တင်ဘာ ၂၀ ရက်နေ့ကို အဲဒီနေ့ကို ပြန်ချိန်းပါတယ်။ မနက် ဖြန်ကျရင်တော့ နောက်အင်္ဂါနေ့မှာ စစ်ရမယ့် အမှု နှစ်မှုအတွက် ကျနော်တို့သွားရပါမယ်။ ဒေါ်အောင်ဆန်း စုကြည်တော့ လာမယ်ထင်ပါတယ်ဗျ။ သူပြောသွားတဲ့စကားအတိုင်းဆိုရင်တော့”
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ဟာ အခြားအမှုတွေအတွက် မနက်ဖြန် ရုံးချိန်းကို ထပ်ပြီးလာကြရဦးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုံးပိတ်ရက်ရှည်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေတွေလည်း လူချင်းမတွေ့ရတာကြောင့် စက်တင်ဘာ ၃ ရက်နေ့က ရဲတပ်ဖွဲ့ကနေတဆင့် ရှေ့နေ တွေက လူချင်းတွေ့ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်အပေါ် တစ်စုံတစ်ရာအကြောင်းပြန်ကြား လာတာမျိုးမရှိခဲ့ဘဲ ဒီနေ့ရုံးထုတ်ခဲ့တဲ့အချိန်မှ နှစ်လတာအတွင်း ရှေ့နေတွေနဲ့ ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သူပါအဝင် သူနဲ့ နေအိမ်အတူရှိနေတဲ့သူတွေအားလုံးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။
အဲဒီလိုဝင်ရောက်စီးနင်းခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေး အရာရှိဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jumper တစ်စုံတို့ကို တွေ့တာကြောင့် ပို့ကုန်သွင်းကုန် ပုဒ်မ (၈)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇) တို့နဲ့ စပြီး အမှုဖွင့်ခံခဲ့ရပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အရှိန်ကောင်းနေချိန် ဖေဖော်ဝါရီလ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် နှစ်စောင်ထွက်ခဲ့ပြီး အဲဒီစာတွေက နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှု ထပ်တိုး တရားစွဲခဲ့ပါတယ်။
အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူလို့ရနိုင်သမျှ အမှုတွေကို စစ်တပ်က ရှာဖွေခဲ့ပြီး ရွေး ကောက်ပွဲ အကြိုကာလက NLD မဲဆွယ်ယာဉ်တန်း လှည့်လည်တာကို နေအိမ်ရှေ့ထွက် လက်ပြခဲ့တာဟာ ကိုဗစ်စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ ၂၅ နဲ့ ထပ်ပြီး အရေးယူခဲ့ပါတယ်။
၂၀၂၀ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကို လာခဲ့တုန်းက လည်း လူစုလူဝေးဖြစ်ခဲ့လို့ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးဆိုပြီး ဧပြီလ ၁၂ ရက်နေ့ အွန်လိုင်းစနစ်နဲ့ ရုံးထုတ် စဉ်မှာ သဘာဝဘေးအန္တရာယ် ပုဒ်မ ၂၅ နဲ့ အမှုတစ်ခုထပ်တိုးပြန်ပါတယ်။
နောက်ပိုင်းမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) တို့နဲ့ပါ ထပ်တိုးအမှုဖွင့်ခဲ့ပြီး အမှုစုစုပေါင်း ၁၁ မှုနဲ့ ရေးယူခံထားရပါတယ်။
အဲဒီအမှု ၁၁ မှုလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေချခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၁၀၀ကျော် ကျခံရမှာဖြစ်ပါတယ်။