ရခိုင်မှာ အကြိုဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး တင်ပြထား
2018.03.02

ရခိုင်ပြည်နယ်အရေး နိုင်ငံတကာဖိအားအပါအဝင် ပြဿနာများစွာ ရှိနေသေးတဲ့အတွက် အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ်မှာ ကျင်းပနိုင်ရေးအတွက် အချိန်စောင့်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က JICM အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ကကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီအနေနဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲ မကျင်းပနိုင်သေးရင်လည်း အကြိုဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အဲဒီနေ့က အစည်းအဝေးမှာ တင်ပြထားတယ်လို့ ALP ဒုတိယဥက္ကဌ ခိုင်စိုးနိုင်အောင် ကပြောပါတယ်။
"အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်မရသည့်တိုင်အောင် လူထုတွေ့ဆုံဆွေးနွေးပွဲတွေ ကို လုပ်ခွင့်ပေးဖို့လိုတယ်။ အချိန်စောင့်၊ အချိန်စောင့်ပါလို့ပဲပြောတယ်။ အစိုးရစိုးရိမ်တာတွေ၊ တပ်မတော် စိုးရိမ်တာတွေကို စိုးရိမ်မှှုရှိအောင် တာဝန်ခံပြီးတော့ ကျနော်တို့လူထု တွေ့ဆုံဆွေးနွေး ပွဲတွေကို ANP နဲ့ပေါင်းပြီးတော့ လုပ်မယ်ဆိုပြီးတော့ အဲလိုအာမခံတယ်။ အဲလိုအာမခံတာကိုတောင် လိုက်လျောမပေးဘူးဆို ဒါဘယ်လိုပုံစံမျိုးဆိုတာကိုတော့ ပြည်သူတွေအနေနဲ့ စဉ်းစားကြပေါ့။"
ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုဆွေးနွေးပွဲတွေကို ပဋိပက္ခတွေမရှိတဲ့ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲနဲ့ ရန်ကုန်လိုနေရာမျိုးတွေမှာကျင်းပဖို့ အစိုးရနဲ့ တပ်မတော်ထံ တင်ပြထားပေမယ့် အကြောင်းပြန်တာမရှိဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ ၈ ဖွဲ့မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။
အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ကျင်းပခဲ့တဲ့ အရေးပေါ်အစည်းအဝေးမှာ လူမျိုးအလိုက် လူထုသဘောထားတွေကို တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြနိုင်ဖို့ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းသွားဖို့ သဘောတူထားပါတယ်။
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို လာမယ့် ဧပြီလကုန် မေလဆန်းမှာ ကျင်းပသွားဖို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပတဲ့ JICM အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။