ခြိမ်းခြောက်မဲဆွယ်တာ ဥပဒေ နဲ့ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြော
2015.09.11

ကယားပြည်နယ်မှာ ဒေသခံတွေကို ခြိမ်းခြောက်ပြီး မဲဆွယ်တာတွေ ရှိနေကြောင်းနဲ့ အဲ့ဒီလိုမဲဆွယ်မှုတွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
ကယားပြည်နယ် ဖားဆောင်းမြို့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆိုလို့ရှိရင် တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေရှိတယ်လို့ ကျမကြားရပါတယ်၊ ဒီအဖွဲ့ကို မဲမပေးလို့ရှိရင် ပြဿနာတက်မယ်၊ ဟိုအဖွဲ့ မဲပေးလို့ရှိရင် ပြဿနာတက်မယ် စသည်ဖြင့် အဲ့ဒီလိုခြိမ်းခြောက် မှုတွေရှိတယ်ဆိုတာ ကျမကြားရပါတယ်၊ ဒီတော့ ဒီလိုခြိမ်းခြောက်ခြင်းဟာ ဥပဒေနဲ့ဆန့်ကျင်တယ်ဆိုတာ ကျမ ပထမပြောပါရစေ၊ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းဥပဒေများအရဆိုရင် ဘယ်သူ့ကိုမှ ခြိမ်းခြောက်ပြီးတော့ မဲကိုထည့်ရမယ်၊ မဲမထည့်ရဘူးဆိုတာကို ပြောပိုင်ခွင့်မရှိဘူး၊ အဲ့ဒီလိုလုပ်တာဟာ ဥပဒေချိုးဖောက်ရာရောက် ပါတယ်"
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို မဲမပေးဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ နိုင်ငံရေး ပါတီတချို့က တိုင်းရင်းသားဒေသတွေမှာ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနိုင်ကြောင်းနဲ့ အဲ့ဒီလို ခြိမ်းခြောက်မှုတွေ ရှိလာရင်လည်း သတ္တိရှိရှိနဲ့ အန်အယ်လ်ဒီပါတီကိုသာမဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်တိုင်းမှာ ဒေသ ခံတွေကို တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလဆန်းလောက်က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းနဲ့ ဆီဆိုင်မြို့နယ်တွေကို သွားရောက်ခဲ့သလို ကယားပြည်နယ်ကို စက်တင်ဘာလ ၁ဝ ရက်နေ့က စတင်ပြီး ၁၂ ရက်နေ့ထိ ၃ ရက်ကြာ သွားရောက်ဟောပြောနေတာဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ ကယားပြည်နယ် ရှားတောမြို့နယ်မှာ ဒေသခံတွေနဲ့တွေ့ဆုံပွဲ ကျင်းပမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေမာထွန်း ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။