အာဇာနည်နေ့ အခမ်း အနား ဒေါ်အောင်ဆန်းစုကြည် မိသားစုဝင်အဖြစ်သာ တက်မယ်
2016.07.13

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းနားကို မိသားစုဝင် တစ်ဦးအနေ နဲ့သာ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် အခမ်းအနားအကြောင်း RFA ကမေးမြန်းခဲ့ရာမှာ သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
"အာဇာနည်ဗိမာန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတာကို နိုင်ငံတော်အစိုးရ ဒုသမ္မတ(၁) ဦးစီးပြီးတော့ တက်ရောက်မှာဖြစ်တယ်၊ လွှတ်တော်ဘက်က လွှတ်တော်ဥက္ကဌတွေ တက်ရောက်မယ်လို့ သိရတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ မိသားစုအနေနဲ့ ဒီအခမ်းအနားကို တက်ရောက်မယ်၊ တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတပေါ့ နေပြည်တော်မှာ နေပြည်တော်ကောင်စီရဲ့ အစီအစဉ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ဆွမ်းကျွေးအခမ်းအနား ကုသိုလ်ပြုတဲ့ဟာကို လုပ်မှာဖြစ်ပါတယ်"
အဲ့ဒီ အခမ်းနားကို နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ နဲ့ လွှတ်တော်အကြီးအကဲတွေလည်း တက်ရောက်ဖို့ရှိတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ နိုင်ငံပိုင်မီဒီယာတွေကနေ ဥသြဆွဲမှာဖြစ်သလို နိုင်ငံတော်အလံတွေ တိုင်တစ်ဝက်လွှင့်ထူဖို့လည်း ညွှန်ကြားထားပါတယ်။
နေပြည်တော်မှာ အာဇာနည်ခေါင်းဆောင်တွေအတွက် ရည်စူးကျင်းပတဲ့ ဆွမ်းကျွေးအခမ်းနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်မှာဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း အာဇာနည်နေ့ကျင်းပမယ့် အစီအစဉ်တွေမှာ ပါဝင်ဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်း ထားပါတယ်။