၂၁ ရာစု ပင်လုံညီလာခံ ကော်မတီ နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ


2016.07.04
21panglong-prepare-meeting-620.jpg ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ( ၁ ) ရဲ့ အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ က နေပြည်တော်မှာရှိတဲ့ Horizon Lake View Hotel မှာ ကျင်းပနေစဉ်
Photo: Win Naung Toe/ RFA

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမဲ့ သြဂုတ်လကုန်မှာကျင်းပနိုင်ဖို့အတွက် ၂၁ ရာစု ပင်လုံ ညီလာခံပြင်ဆင်ရေးကော်မတီက စီစဉ်ဆောင် ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့   ကော်မတီအဖွဲ့ဝင်တွေ ဒီကနေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့  ဒီတွေ့ဆုံပွဲကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် မူဝါဒတွေ ချမှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ညီလာခံပြင်ဆင်ရေး ကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို  သြဂုတ်လမကုန်ခင်မှာ ကျင်းပသင့်တယ် ဆိုတဲ့ ခေါင်းဆောင်တွေနဲ့  ဆွေးနွေးချက်တွေရှိပါတယ်၊ အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့အတွက်  ကြိုတင်ပြင်ဆင်ရေးကော်မတီတွေအနေနဲ့ ဒါတွေကိုဆက်လက်ပြီးတော့  ဆောင်ရွက်နေပါတယ်၊ ဒါကြောင့် ကျနော်တို့ ၄ ရက်တာဆွေးနွေးပွဲတွေ  လုပ်နေပါတယ်၊ ဒီနေ့ ၅ ရက်နေ့ မနက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ပြင်ဆင်ရေးကော်မတီကနေ ပြီးတော့  ကျနော်တို့ဆောင်ရွက်ထားမှုတွေကို တင်ပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကလည်း  ပြန်ဆွေးနွေးပြီးရင်တော့ တချို့ပေါ်လစီတွေပေးမယ်လို့ မျှော်လင့်ပါတယ်"

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက်  ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ဆပ်ကော်မတီ ၁ တို့ အစည်းအဝေးကို နေပြည်တော်မှာ ဇူလိုင်လ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၄ ရက်ကြာကျင်းပနေပါတယ်။

ဆွေးနွေးပွဲကို ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးခင်ဇော်ဦး၊ ဦးခက်ထိန်နန်၊ ဦးနိုင်ငံလင်း၊ ဒေါ်ဒွဲဘူ၊ အတွင်းရေးမှူး ဦးလှမောင်ရွှေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ထဲက ပဒိုစောကွယ်ထူးဝင်း ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ဦးခွန်မြင့်ထွန်း၊ ဒေါ်စောမြရာဇာလင်း ၊ ဗိုလ်မှူးကြီး စိုင်းလ၊ ရဲဘော်သံခဲ တို့ တက်ရောက် ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံဖို့ရှိကြောင်းလည်း သိရပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ကော်မတီအတွင်းရေးမှုး ဦးလှမောင်ရွှေကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။