ဒေါ်လာဈေး လဲလှယ်နှုန်း မြင့်မားနေမှု အတိုင်ပင်ခံ ဆွေးနွေးမည်
2018.08.17

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံခရီးစဉ်က ပြန်လာပြီးတဲ့နောက် ဒီသြဂုတ် လကုန်ပိုင်းအတွင်း နေပြည်တော်မှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက စီစဉ်နေပါတယ်။
တွေ့ဆုံပွဲအတွက် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အမည်စာရင်းတွေကို အတိုင်ပင်ခံရုံးက တောင်းခံထားတယ်လို့ မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က ပြောပါတယ်။
"အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဖို့ဟာက ညှိနှိုင်းနေတယ်။ စာရင်းတွေလည်း တောင်းထားတာတွေရှိပါတယ်။ သူတို့မှာလည်း စာရင်းတွေရှိပါတယ်။ စာရင်းတွေကိုကြည့်ပြီး အခန်းတွေက ဘယ်လောက်ဆန့်မလဲဆိုတာ သူတို့ကြည့်ပြီး တွက်ချက်ပြီး ဖိတ်ကြားပါလိမ့်မယ်။ နေပြည်တော်မှာ ဖြစ်ဖို့များပါတယ်"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အခုလ ၂ဝ ရက်နေ့ဝန်းကျင်မှာ စင်ကာပူနိုင်ငံကို သွားရောက်ဖို့ရှိပြီး စင်ကာပူ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခုလ ၂၇ ရက်နေ့မှာ တွေ့ဆုံဖို့လျာထားပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေထံ တရားဝင်ဖိတ်ကြားစာတော့ မရောက်သေးပါဘူး။
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံရာမှာ လတ်တလော မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးမြင့်တက်နေမှုအခြေအနေကို နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ စီးပွားရေး လုပ်ငန်းရှင်တွေဘက်က ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲလှယ်နှုန်းဟာ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၇၅ ကျပ်ကို စံချိန်တင်မြင့်တက်ခဲ့ပြီး ညနေပိုင်းမှာ ၁၅၃ဝ ကို ပြန်ကျသွားခဲ့ပါတယ်။
ဒီကနေ့ နေ့လည်မှာတော့ CB သမဝါယမဘဏ်ရဲ့ ငွေလဲလှယ်နှုန်းဟာ ဝယ်ဈေး ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၉ဝ နဲ့ ရောင်းဈေး ၁၅၂၃ ကျပ်ကို ပြန်လည်ကျဆင်းလာပါတယ်။