ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တွေ့


2017.12.01
dassk-china-president-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီးကျင်ပင်းတို့ ဘေဂျင်းမြို့မှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံစဉ်
Photo:Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီးကျင်ပင်းတို့ ဘေဂျင်းမြို့မှာ ဒီနေ့ တွေ့ဆုံကြပါတယ်။

ဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ကာလ အတော်ကြာ ရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းပြန်စဖို့ တရုတ်က မြန်မာကို တိုက်တွန်းမယ် လို့ မျှော်လင့်ရကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြုနစ်ပါတီနဲ့ ကမ္ဘာ့နိုင်ငံရေးပါတီတွေက ထိပ်သီးခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲတက်ဖို့ ဖိတ်ကြားခံရတဲ့အတွက် ဘေဂျင်းမြို့ကို မနေ့က ရောက်ရှိခဲ့တာပါ။

မြန်မာနိုင်ငံဟာ ချမ်းသာပြီးသြဇာရှိတဲ့ နိုင်ငံတွေထဲမှာ မပါဝင်သေးပေမယ့် ကျမတို့မှာ ရည်မှန်းချက်ရှိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်ပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံ ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ယူတတ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့နဲ့၊ ကမ္ဘာတဝှမ်း ချစ်ကြည်ရင်းနှီးမှု၊ ငြိမ်းချမ်းမှုတွေရအောင် ဆောင်ကျဉ်းပေးနိုင်တဲ့ နိုင်ငံဖြစ်ဖို့ဆိုတဲ့ ဆန္ဒနဲ့ရည်မှန်းချက်ရှိတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

မြန်မာနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ စိတ်ဝင်စားမှုက နယ်စပ်လုံခြုံရေးနဲ့ သဘာဝသယံဇာတကိစ္စ ဖြစ်တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဝိုင်းဝန်းဝေဖန်နေ ကြပေမယ့် တရုတ်က မြန်မာအစိုးရဘက်က ရပ်တည်ပေးထားပါတယ်။

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့လည်း လိုက်ပါသွားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။