မျိုးစောင့်ဥပဒေနဲ့ ပတ်သက်လို့ ဥပဒေဘောင်ထဲကသာ ကြိုးပမ်းဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
2014.06.11
မျိုးစောင့်ဥပဒေ ပြဌာန်းသင့် မသင့်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်း အတော်များများက မျိုးစောင့်ဥပဒေ မပြဌာန်းဖို့အတွက် တင်ပြထားတာကြောင့် ဒီကိစ္စအပေါ် ဥပဒေဘောင်အတွင်းကသာ ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ကြောင်း ဒီနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြဌာန်းသင့်လား မသင့် ဘူးလားဆိုတဲ့အချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုက ဆုံးဖြတ်မှာဖြစ်တယ်၊ ကျနော်တို့ တိုင်းပြည်မှာဆိုရင် အမျိုးသမီးနဲ့ ပတ်သက်လို့ စာချုပ်လည်း လက်မှတ်ရေးထိုးပြီးသား အသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေကို အကြမ်းဖက်တဲ့ဟာမျိုး မဖြစ်ဖို့အတွက် စာချုပ်တွေလည်းရှိထားပြီးသား ဒီရှိပြီးသားဟာတွေ ပိုမိုအားကောင်းဖို့ လုပ်ဆောင်ဖို့လိုတယ်၊ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို ပြောသွားတာရှိပါတယ်"
မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အခုလိုတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အရပ်ဖက်လူမှုအဖွဲ့အစည်း အတော်များများက မျိုးစောင့်ဥပဒေ မပြဌာန်းဖို့အတွက် ပြီးခဲ့တဲ့မေလက ကြေငြာချက်ထုတ်ပြန်ပြီး တင်ပြထားကြတာ ဖြစ်ပါတယ်။