ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှု အားတက်မိကြောင်း အီးယူအရာရှိပြော


2017.11.20
dassk-eu-leaders-622.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mrs.Federica Mogherini တို့ကို နိုဝင်ဘာလ ၂ဝ ရက်နေ့ (၁၃) ကြိမ်မြောက် အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာတွေ့ရစဉ်
Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြောဆိုခဲ့ရတဲ့အပေါ် အလွန့်အလွန် အားတက်မိကြောင်း၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ချမှတ်စီစဉ်ထားတဲ့ လုပ်ငန်းစဉ် အဆင့်တွေကိုလည်း ကြိုဆိုကြာင်း အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂါရီနီ က ပြောပါတယ်။

ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေရပ်ဖို့၊ ဒုက္ခသည်တွေ ထွက်ခွာနေတာ ရပ်ဖို့၊ ရခိုင်ပြည်နယ်တွင်းကို လူသားချင်းစာနာကူညီရေးတွေ အပြည့်အဝရောက်ရှိဖို့ ကိစ္စတွေဟာ အဓိကကျတဲ့ အချက်တွေ ဖြစ်လာပါတော့မယ်လို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂါရီနီက ပြောပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ အာရှ-ဥရောပ ဝန်ကြီးများ ဆွေးနွေးပွဲရဲ့ ပြင်ပမှာ ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေ ဘေးကင်းရန်ကင်း ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူနားလည်မှု စာချွန်လွှာ ထုတ်ပြန်နိုင်မယ့်အခြေအနေမှာ ရှိနေကြောင်း၊ ဒီကိစ္စအတွက် အီးယူအနေနဲ့ အကူအညီပေးဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ကမ်းခြေသောင်ပြင်တွေပေါ်မှာ ရောက်ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည် အမျိုးသမီးတွေ၊ ကလေးတွေ ရှိနေကြဆဲလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ပြန်လာသူတွေ အများစုကို စံပြကျေးရွာသစ်တွေမှာ နေရာချထားပေမယ်လို့ အစိုးရက ရည်ရွယ်ထားပေမဲ့၊ ကုလသမဂ္ဂကတော့ ဒါဟာ ထာဝရ ဒုက္ခသည်စခန်းတွေဖြစ်သွားနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီကလည်း ပြန်လာသူတွေရဲ့ နိုင်ငံသာ စိစစ်ရေးကိစ္စ အကူအညီပေးဖို့ အသင့်ရှိကြောင်း ပြောဆိုပါတယ်။

ဒီအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကမ္ဘာကြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်နေရတဲ့အကြောင်းရင်းတွေထဲမှာ ဥပဒေမဲ့ လူဝင်ရောက်မှုတွေကြောင့် ပြန့်ပွားလာတဲ့ အကြမ်းဖက်ဝါဒဟာလည်း တစိတ်တပိုင်းအနေနဲ့ ပါဝင်နေတယ်လို့ နေပြည်တော်မှာကျင်းပတဲ့ အာရှ -ဥရောပဝန်ကြီးများ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။