လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး


2017.09.04
dassk-indonesia-pm-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mrs Retno L.P. Marsudi တို့ စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ တဖက်တစ်လမ်း ကနေ ပါဝင်ပံ့ပိုးပေးနိုင်ရေးကိစ္စတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mrs Retno L.P. Marsudi တို့ ဒီကနေ့တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီနေ့ နေ့လည်ပိုင်းမှာ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်တွေအပေါ် အင်ဒိုနီးရှား အစိုးရရဲ့ ထောက်ခံမှုကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းသွားနိုင်မယ့် ရေရှည် နည်းလမ်းကောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဒီကနေ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသက အစွန်းရောက်အကြမ်းဖက်မှု ဖြစ်စဉ်တွေရဲ့ ပကတိအခြေအနေမှန်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံအတွက် အင်ဒိုနီးရှားရဲ့ လူသားချင်းစာနာကူညီရေးအစီအစဉ်ကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဖွင့်လှစ်ပေးခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့ ၁၁ ဖွဲ့ စုပေါင်းပြီး ရခိုင်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အရည်အသွေးမြှင့်တင်ရေးတွေမှာ ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ နှစ်သန်း မတည်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။