ရွေးကောက်ပွဲမှာ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2020.08.23

စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး ကြိုးစားနေတာဖြစ်ပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်တဲ့အခါ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ မူဝါဒချမှတ်ထားတယ်လို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်က MICC 2 မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ သတိပေးစကားပြောခဲ့တာပါ။
တရားမျှတမူမရှိတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ တရားမျှတမူရှိတဲ့ ဥပဒေတွေရေးဆွဲဖို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ် ပြိုင်တာဖြစ်ပေမယ့် တချိန်တည်းမှာပဲ တည်ဆဲဥပဒေတွေကိုတော့ လေးစားလိုက်နာရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလက လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်တော့မှာ ဖြစ်လို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လေးစားလိုက်နာရမယ့် ဥပဒေ အချက်အလက်တွေကို NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၁ ဖြစ်တဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဋ္ဌ ၂ ဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့က ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပြည်သူတွေက လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်တင်မြှောက်လိုက်တာဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြုပြီး ရွေးချယ်လိုက်တယ်ဆိုတာကို မမေ့ဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကား ပြောခဲ့ပါတယ်။
အခုလို သတိပေးရတာက လွှတ်တော် ကိုယ်စားလှယ်တွေကို အားလျော့စေချင်လို့ မဟုတ်ဘဲ အစဉ်အလာရှိတဲ့ ပြည်သူတွေ ထောက်ခံတဲ့ပါတီကို ကိုယ်စားပြုတယ်ဆိုတာကို သိစေချင်လို့၊ အားတက်စေချင်လို့သာ ပြောရ တာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တဆက်တည်းမှာပဲ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်မခံခဲ့ရတဲ့သူတွေနဲ့ ပတ်သက်လို့ ပြောရာမှာလည်း အများထဲက တစ်ယောက်ကို ရွေးချယ်ရတာဖြစ်လို့ ကျေနပ်မှု မရှိနိုင်တာကို နားလည်တယ်၊ ဒါပေမဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ်လို့ ပြောပါတယ်။
ကိုယ့်ပါတီကိုယ် သစ္စာစောင့်သိနိုင်မှသာ နိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ သစ္စာစောင့်သိနိုင်မှာဖြစ်တယ်၊ ရွေးကောက်ပွဲအတွက် ပါတီ အောင်နိုင်ရေးလုပ်နေတဲ့ တချိန်တည်းမှာ နိုင်ငံ့အကျိုးအတွက် အောင်မြင်အောင် လုပ်ရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရွေးကောင်ပွဲ အောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မူများလာတာက တချို့ဝေဖန်နေကြသလို ကပ်ရောဂါ ဒုတိယလှိုင်း တော့ မဟုတ်ဘူးလို့ သူတစ်ဦးတည်းအနေနဲ့ ယူဆကြောင်း၊ ဒီအခြေအနေက ရွေးကောက်ပွဲအပေါ် ဘယ်လောက် ရိုက်ခတ်မလဲဆိုတာက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC လို အဖွဲ့တွေက ဆုံးဖြတ်မှာဖြစ်ပြီး ပါတီ ဘက်ကတော့ လုပ်ရမယ့်အလုပ်ကို ဆက်လုပ်မယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့ပါတယ်။