နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံ အပေါ် နားလည်မှုရှိဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပြော
2016.12.06

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနေရတဲ့အပေါ် နိုင်ငံတကာအနေနဲ့ အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့ နားလည်မှုရှိဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့ တေ့ွဆုံရာမှာ ပြောလိုက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ လုပ်ငန်းတွေ ဆောင်ရွက်နေမှု၊ NV ကဒ် စိစစ်ထုတ်ပေးမှု၊ ဒေသအတွင်း တစ်နေရာကနေ တစ်နေရာကို လွတ်လပ် စွာ ကူးသန်းသွားလာမှုဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် တခြားသောကိစ္စရပ်တွေမှာ လက်ရှိ ကြုံတေ့ွနေရတဲ့ အခက် အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကော်မရှင်အဖွဲ့ ကို ပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။
တွေ့ဆုံပွဲမှာ ကော်မရှင်အဖွဲ့က မြန်မာနိုင်ငံခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြခဲ့တယ်လို့လည်း ပါရှိပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ လုပ်ငန်းကော်မတီတွေရဲ့ ဥက္ကဌတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။