ပြည်နယ်နဲ့တိုင်း ပါတီခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံမည်


2015.04.24

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် ဧပြီလ ၂၇ ရက်နေ့ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အန်အယ်လ်ဒီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ၇ ရက်ကြာ သီးခြားစီတွေ့ဆုံမယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အခြေ အနေတွေကို မေးမြန်းဖို့အတွက် တစ်နေ့ကိုနှစ်ဖွဲ့ စီ တွေ့ဆုံမှာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

"ရက်တွေကတော့ ၂၇ ရက်နေ့ကစတယ်၊ တိုင်းနဲ့ပြည်နယ် ၂ ခုစီဆိုတော့ လေးငါးခြောက် ခုနှစ်အထိရှိတယ်၊ ပြည်နယ်တွေတိုင်းတွေမှာ အသေအချာစောင့်ကြည့်ပြီးမှပြန်ပြီးတော့ အခြေအနေတွေကို ပြန်ပြီးတော့ သုံးသပ်တာပေါ့နော်၊ ဘာအခက်အခဲတွေရှိလဲပေါ့၊ ဒေါ်စု အားတဲ့ ရက်မှာ သူကအကုန်လုံးကိုပြန်ပြီးတော့ တွေ့ပေးတာပေါ့၊ အဲ့လိုမျိုးတွေ့ပြီးတော့ သေချာမေးမှာပါ"

အဲ့ဒီလိုတွေ့ဆုံဖို့အတွက် ပြီးခဲ့တဲ့နှစ်ရက်က ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ကြုံတွေ့နေရတဲ့ လယ်ယာမြေပြဿနာတွေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီကိစ္စတွေကို တင်ပြဖို့ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟောပြောပွဲခရီးစဉ်တွေအတွင်းမှာသာ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ တာဖြစ်ပြီး အခုလိုတွေ့ဆုံမယ့်အစီအစဉ်ဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။