ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ ညစာစားပွဲတက်ရောက်
2013.09.20
စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲကို မနေ့ညက တက်ရောက်ပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်တင်မြှောက်ခံရရင် သူဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မစ္စတာလီရှန်လွန်းက အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတွေက သတင်းစာဆရာတွေကို စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့တယ်လို့ Channel News Asia သတင်းမျာဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ်ရုံးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီး Grace Fu နဲ့ ခရီးစဉ်ပထမနေ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။ နှစ်ရှည်လများကောင်းမွန်လာတဲ့ စင်ကာပူနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ့်အကြောင်းနဲ့ မြန်မာ့စီးပွားရေးနဲ့ လူမှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို စင်ကာပူက ပံ့ပိုးကူညီမယ့်အကြောင်း ဒုဝန်ကြီး Grace Fu က ပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဝန်ကြီး Grace Fu တို့ဟာ မြန်မာ့ပြည်တွင်းရေး နောက်ဆုံးအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့လုပ်ငန်းတာဝန်တွေနဲ့ ဒီအသွင်ကူးပြောင်းရေးကာလမှာ မြန်မာပြည်သူတွေရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေအပေါ် ရှုမြင်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြပါတယ်။
ဒုဝန်ကြီး Grace Fu က သူ့ facebook မှာ လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲက ကောင်းမွန်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံနဲ့ သူ့ပြည်သူလူထုအတွက်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့တဲ့အကြောင်း ရေးသားထားပါတယ်။
စင်ကာပူကို ဒေါ်အောင်ဆန်းစုကြည် မနေ့က ရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံသား ၂ဝဝ လောက်က Changi လေဆိပ်မှာ သောင်းသောင်းဖျဖျကြိုဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးညီလာခံမှာ ဒီနေ့ မိန့်ခွန်းပြောကြားပါမယ်။ မနက်ဖြန်မှာတော့ စင်ကာပူရောက် မြန်မာမိသားစုတွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။