ကျောင်းဆရာတွေ အရေးပါမှု ဒေါ်အောင်ဆန်း စုကြည် ပြောကြား
2016.08.04

အနာဂတ် ကောင်းမွန်ရေးဟာ ပညာရေးအပေါ်မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးဟာ ဆရာ ဆရာမတွေ အပေါ် မူတည်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အားကစားကျေးရွာမှာကျင်းပတဲ့ ပညာရေး မြှင့်တင်မှု အကောင် အထည်ဖေါ်ရေး နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဆရာ ဆရာမတွေကို တိုက်တွန်းပြော ကြားခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဆရာ ဆရာမတွေအနေနဲ့ ကျောင်းသူ ကျောင်းသားတွေကို သင်ကြားတဲ့အခါ မှတ်ဉာဏ်ကောင်းအောင် သာမက တွေးခေါ် မြော်မြင် ဆင်ခြင်သုံးသပ်တဲ့ ဉာဏ်ပညာရရှိအောင် သင်ကြားပေးကြဖို့ကိုလည်း ပြောကြား ခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာန သင်ကြားရေးလုပ်ငန်းတွေမှာ ဆရာမတွေကများပြီး ဆရာတွေ နည်းနေတဲ့အချက်ကိုလည်း စဉ်းစားရမှာဖြစ်ကြောင်းလည်း ပြောခဲ့သလို ဆရာ ဆရာမတွေ အနေနဲ့ တပည့်တွေကို ရင်သွေးပမာ စေတနာ ထားပြီး ခွဲခြားဆက်ဆံမှု မပြုဘဲ စာမတော်သူ စာညံ့သူများကို အထူး ဂရုစိုက်ကြရမှာ ဖြစ်ကြောင်းလည်း ပြောကြား ပါတယ်။