အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ
2013.02.21

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner ဟာ နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အဆောက်အအုံဝင်းအတွင်းက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးစဉ်အဖြစ် မနေ့က ရောက်ရှိလာခဲ့တာပါ။
သူ့ရဲ့ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက လူ့ အခွင့်အရေး အခြေအနေတွေ အထူးသဖြင့် မြန်မာအစိုးရ ထုတ်ပြန်ကြေညာထားတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ ဆောင်ရွက်နေမှုတွေ ၊ တိုင်းရင်းသားဒေသတွေက ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေကို အဓိကထား လေ့လာဆွေးနွေးမယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ကနေဒါနိုင်ငံက ရောက်ရှိနေတဲ့ ပါလီမန်အမတ်များအဖွဲ့နဲ့လည်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ရုံးခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။