နိုင်ငံအတွက် အကျိုးရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ဖို့ တိုက်တွန်း


2018.12.14
dassk-meet-entrepreneur-622.jpg နေပြည်တော် MICC-2 မှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

စီးပွားရေးလုပ်ဆောင်ရာမှာ ကိုယ်အတွက်တင်မဟုတ်ပဲ နိုင်ငံအတွက်အကျိုးရှိနိုင်တဲ့ လုပ်ငန်းမျိုးတွေကို အဓိကထား စဉ်းစားလုပ်ကိုင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော် MICC-2 မှာ ဒီနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ကိုင်ရာမှာ တခြားသူတွေနဲ့ မတူတဲ့ ပုံစံတွေကို စဉ်းစားတွေးခေါ်လုပ်ကိုင်ကြဖို့နဲ့ အနာဂတ်မှာ မြန်မာနိုင်ငံကို ဘယ်လိုပုံစံဖြစ်စေချင်လဲဆိုတာကို တွေးခေါ်လုပ်ကိုင်ကြဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာသူတွေ တင်ပြတဲ့ Centre For Innovation, Entrepreneurship, Productivity ဖွင့်လှစ်ဖို့ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သဘောတူခဲ့တယ်လို့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သူရက ပြောပါတယ်။

တတိယအကြိမ်မြောက်ကျင်းပတဲ့ မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ လူငယ်လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ဟာ နိုင်ငံရေးတစ်ခုတည်းနဲ့ မရဘဲ စီးပွားရေး တောင့်တင်းဖို့လည်း လိုအပ်ကြောင်း နေပြည်တော် MICC 2 မှာ ဒီနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်း ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

"လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်အခါတုန်းကဆိုရင် လွတ်လပ်ရေးဖခင်ကြီးများက ကြွေးကြော်တာက ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ရမယ်၊ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့ဆိုရင် နိုင်ငံရေးတစ်ခုနဲ့ မပြီးပါဘူး၊ စီးပွားရေးလည်း အရေးကြီးပါတယ်၊ စီးပွားရေးတောင့်တင်းမှလည်း ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ့်လက်ထက်မှာ စွဲစွဲမြဲမြဲဆုပ်ကိုင်ထားနိုင်မှာပါ၊ အဲဒီဟာအတွက်ကို ကျမတို့ရဲ့ လူငယ်လုပ်ငန်းရှင်များက ပံ့ပိုးပေးစေချင်ပါတယ်"

ဒါ့အပြင် လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေမှာ အမျိုးသမီးလုပ်ငန်းရှင် အရေအတွက် နှစ်အလိုက် တိုးတက်လာတဲ့အတွက်လည်း ဂုဏ်ယူကြောင်း အခုလို ပြောပါတယ်။

"နှစ်တိုင်းနှစ်တိုင်း လူငယ်အမျိုးသမီးလုပ်ငန်းရှင်တွေ ရာခိုင်နှုန်းတက်တက်တိုးလာတယ်၊ ဒီနှစ်ရောဘယ်နဲ့ နေလည်းမသိဘူးနော်၊ ပထမဆုံး ကျမတက်တဲ့ အခမ်းအနားမှာတုန်းက ၄၉ ရာခိုင်နှုန်း အရင်နှစ်က ၅၂ ရာခိုင်နှုန်း ဒီနှစ် ၅၈ ရာခိုင်နှုန်း ကျန်တဲ့ ယောင်္ကျားလေးတွေအတွက်တောင် စိတ်ပူသွားတယ်၊ ဒီအတိုင်းသွားမယ်ဆိုရင်တော့ ကျမတို့ရဲ့ လူငယ် စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးဟာ မိန်းကလေးတွေပဲဖြစ်နေမလား ကျမတို့ဒါကို ဂုဏ်ယူပါတယ်၊ သို့သော်လည်းပဲ ယောင်္ကျားလေးတွေ မိန်းကလေးတွေ တူတူမျှမျှတတ တိုးတက်စေချင်တယ်"

လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တီထွင်လိုစိတ်ရှိဖို့လိုပြီး၊ အသစ်မြင်စိတ်ရှိဖို့နဲ့ သူတစ်ပါးမလုပ်တာကို စွန့်စားတီထွင်လုပ်ကိုင်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို  တိုက်တွန်းခဲ့ပါသေးတယ်။

"ကျမတို့ လူငယ်လုပ်ငန်းရှင်တွေကို အထူးပြောချင်တာက ကျမတို့နိုင်ငံအတွက် တီထွင်တဲ့ စိတ်ရှိရမယ်၊ အသစ်မြင်တဲ့ စိတ်ရှိရမယ်၊ တခြားသူတွေ မတွေးထားတဲ့ ကိစ္စကိုတွေးကြပါ။ တခြားနိုင်ငံတွေမှာ မလုပ်သေးတဲ့ ကိစ္စတွေကိုလုပ်ကြပါ။ ကိစ္စတစ်ခုကို လုပ်မကြည့်သေးခင် မရပါဘူးလို့ အဲဒီလို စိတ်ဓာတ်မထားပါနဲ့၊ ကိစ္စတစ်ခုကို တခြားသူတွေ မလုပ်ဖူးလို့ မဖြစ်ပါဘူးလို့လည်း စိတ်ထဲမှာ မထားပါနဲ့၊ တခြားသူတွေ မလုပ်ဖူးတဲ့ ကိစ္စတွေ၊ မဖြစ်ဖူးတဲ့ ကိစ္စတွေကို တို့လုပ်မယ် တို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ထားတွေနဲ့ ကျမတို့ ဆက်ပြီးတော့ သွားစေချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ ဘယ်လိုပဲ ဆင်းရဲတဲ့နိုင်ငံဖြစ်ပါစေ ဒီနိုင်ငံက သူ့အတွက်  နေလို့အကောင်းဆုံး နိုင်ငံလို့ စိတ်ထဲမှာရှိကြောင်းလည်း ပြောခဲ့ပါတယ်"

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်စီးပွားရေးကို အောင်မြင်အောင်လုပ်ပြီး ကိုယ့်အတွက်သာမက ကိုယ့်နိုင်ငံအကျိုးအတွက်ပါ ထည့်စဉ်းစားပြီး လုပ်ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေ  သီးသန့်တွေ့ဆုံခဲ့ပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။