လူငယ်လုပ်ငန်းရှင်တွေကို ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု


2017.12.09
dassk-speech-npt-622 နေပြည်တော်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ ထိပ်သီးညီလာခံ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo:Myanmar State Counsellor Office

အောင်မြင်ပြီးသား လုပ်ငန်းရှင်တွေအနေနဲ့ လူငယ်လုပ်ငန်းရှင်အသစ်တွေကို ကူညီလမ်းညွှန်နိုင်ဖို့ ကွန်ရက်တစ်ခု ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ အကြံပြုပြောကြားလိုက် ပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ် ပါတယ်။

"ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကာလမှာ အာဆီယံစွန့်ဦးတီထွင် လုပ်ငန်းရှင်များအား လမ်းညွှန်ပေးတဲ့ကွန်ရက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံ အား စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များအနေနဲ့ အာဆီယံဒေသအတွင်းအဆင့်မှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်တွေ၊ အထောက်အပံ့တွေ ရနိုင်တဲ့လမ်းညွှန်ပေးမယ့်သူတွေရဲ့ ကွန်ရက် တည်ဆောင်နိုင်မှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံအတွင်းမှာလည်း အောင်မြင်ပြီးသား လုပ်ငန်းရှင် ကြီးတွေအနေနဲ့ အခုမှလုပ်ငန်းစတင်နေတဲ့ လူငယ်လုပ်ငန်းရှင်တွေကို အားပေးကူညီနိုင်ဖို့ လမ်းညွှန်ပေးသူများ၏ ကွန်ရက်တစ်ခု တည်ထောင်သင့်ပါတယ်လို့ ကျမ ပြောကြားလိုပါတယ်"

ဒါ့အပြင် စီးပွားရေးလုပ်ငန်းသစ်တွေ စတင်တဲ့အခါ ပျိုးထောင်ပေးတဲ့ ဗဟိုဌာနတွေ ပေါ်ပေါက်လာအောင် ဆောင် ရွက်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လုပ်ငန်းရှင်တွေကလည်း ဒေသဆိုင်ရာအစီအစဉ်တွေကနေ ရလာတဲ့အတွေ့အကြုံတွေကို လူငယ်လုပ်ငန်း ရှင်တွေကို မျှဝေပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လုပ်ငန်းစတင်တဲ့ လူငယ်တွေအတွက် ရင်းနှီးငွေနဲ့ ချေးငွေတွေ ခက်ခဲတယ်ဆိုတာ သိရှိကြောင်းနဲ့ ချေးငွေအတွက် တခြားနည်းလမ်းတွေ ရှာဖွေကြံဆရမယ်လို့လည်း ပြောခဲ့ပါတယ်။ အားသာချက်တွေရှိသလို စိန်ခေါ်မှုတွေ ရှိကြောင်းနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။