မိမိဘာပေးနိုင်မလဲ စိတ်ဓါတ်နဲ့ ချဉ်းကပ်ကြဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
2015.12.07

ဗမာအပါအဝင် တိုင်းရင်းသားအားလုံးက ငါတို့ဘာပေးနိုင်မလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ချဉ်းကပ်မှသာ ပြည်ထောင်စု ကီးဟာ အေးချမ်းပြီး တိုးတက်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
လွှတ်တော်ထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော် စည်ပင်ရိပ်သာက ခန်းမမှာ ဒီကနေ့ ပြုလုပ်တဲ့ နှုတ်ဆက်ညစာစားပွဲမှာ အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။
"ကျမတို့ တိုင်းရင်းသားတွေအားလုံး ငါတို့ဘာပေးနိုင်သလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ပြည်ထောင်စုကိုချဉ်းကပ် မှ ပြည်ထောင်စုကြီးဟာ တကယ်ကို ငြိမ်းချမ်းနိုင်မယ်၊ တကယ်ကို တိုးတက်ဖွံ့ဖြိုးနိုင်မယ်၊ ငါတို့ဘာရမလဲဆိုတာ နံပါတ် ၁ မဟုတ်ပါဘူး၊ ငါတို့ဘာပေးနိုင်မလဲဆိုတာ နံပါတ် ၁ ထားမယ်ဆိုလို့ရှိရင် တကယ်ကိုအောင်မြင်မှာပါ၊ တချို့ကတော့မေးမှာပေါ့ ငါတို့တိုင်းရင်းသားတွေက သိပ်ကိုဆင်းရဲနေတာ ငါတို့ကဘာပေးနိုင်မလဲလို့၊ ကျမတို့ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိသလို ကျမတို့ တိုင်းရင်းသား တိုင်းရင်းသားတိုင်းဟာ တန်ဖိုးရှိတာတွေ ပေး စရာတွေအများကြီးရှိတယ်၊ ကိုယ်ကရုပ်ပိုင်းဆိုင်ရာ မချမ်းသာလို့ မပေးနိုင်ဘူးဆိုတာ ဒါလုံးဝမဟုတ်ဘူး၊ ကျမတို့အဖွဲ့ဆိုလို့ရှိရင် ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာတဲ့အဖွဲ့မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျမတို့ရဲ့နိုင်ငံကို ကျမတို့က အလုပ်ကျွေးပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမတို့လုပ်တယ်ပါ"
လက်ရှိတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့်လွှတ်တော်အသစ်မှာ ပြန်မပါခဲ့ရင်တောင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အမြဲမပြတ်ထိတွေ့နိုင်ကြောင်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အကြံပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။