ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင် ဘာလအတွင်း တွေ့ဆုံမယ်လို့ ကာချုပ်ပြော
2015.11.24

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလထဲမှာ တွေ့ဆုံမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောလိုက်ပါတယ်။
ဝါရှင်တန်ပို့စ်သတင်းစာနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ မေးမြန်းခန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောဆိုလိုက်တာပါ။
"မကြာခင်တွေ့ဖို့ရှိပါတယ်၊ လာမယ့် ဒီဇင်ဘာလဖြစ်နိုင်ပါတယ်၊ ကျနော်မှန်း တာကတော့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေပြီးတယ်ဆိုရင် တွေ့မှာပါ"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်မေးသမျှကို ဖြေဆိုမှာဖြစ်တဲ့အပြင် ပြောဆိုဆွေးနွေးမယ့်အကြောင်းအရာတွေကို ကန့်သတ်ထားမှာမဟုတ်ကြောင်း သူက ပြောပါတယ်။
အရပ်သားအစိုးရကို အာဏာပိုမိုပေးအပ်ဖို့ကတော့ တိုင်းရင်းသားပြဿနာတွေ အားလုံးပြေလည်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းသွားတဲ့ တစ်နေ့ကျရင် ဆောင်ရွက် သွားမှာဖြစ်သလို၊ ဒီမိုကရေစီနုနယ်သေးတဲ့အတွက် အရှေ့အလယ်ပိုင်း နိုင်ငံတွေလိုဖြစ်မှာစိုးရိမ်ကြောင်း၊ မြန်မာနိုင်ငံအပြောင်းအလဲ ကို မြန်မြန်ဆန်ဆန် လုပ်မယ်ဆိုရင် အခက်အခဲတွေရှိနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အခုလိုပြောဆိုတာနဲ့ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိဥက္ကဌ ဦးတင်ဦး၊ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ နိုင်ငံရေးဆောင်းပါးရှင် စာရေးဆရာ ထွန်းဇော်ဌေးတို့ရဲ့ သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြ ထားတာ နားဆင်နိုင်ပါတယ်။