NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်


2016.07.04
21panglong-prepare-meeting-620.jpg ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ( ၁ ) ရဲ့ အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ က နေပြည်တော်မှာရှိတဲ့ Horizon Lake View Hotel မှာ ကျင်းပနေစဉ်
Photo: Win Naung Toe/ RFA

လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NCA မှာ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံဖို့ လျာထားတယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။

၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ၁ အစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ Horizon Lake View Hotel မှာ မနေ့က စတင်ကျင်းပနေ တာဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးရပ်နားစဉ်မှာ ၂၁ ရာစုပင်လုံ အြကိုပြင် ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန် က ပြောတာဖြစ်ပါတယ်။

"ကျနော်တို့ ဒီနေ့အထိကတော့  ချိတ်ဆက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံအဖွဲ့နဲ့ UNFC  ခေါင်းဆောင် ပိုင်းအနေနဲ့က ခန့်မှန်းခြေအားဖြင့်တော့ ဒီလ ၁၈ ရက်နေ့လောက်မှာ  တွေ့ဆုံဖြစ်မယ်ဆိုတဲ့ အနေအထားရှိပါတယ်"

၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ ၁ တို့ အစည်းအဝေးကို ဇူလိုင်လ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၄ ရက်ကြာကျင်းပနေတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေနွေးပွဲမှာ နိုင်ငံရေးဆွေနွေးပွဲကျင်းပမယ့် ဖွဲ့စည်းပုံတစ်ခုလုံးရဲ့ အားသာချက်၊ အားနည်းချက်နဲ့ ဆွေးနွေး မယ့်ပုံစံ၊ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပမယ့်ပုံစံ၊ လူမျိုးနဲ့ဒေသအလိုက် ကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးခင်ဇော်ဦး၊ ဦးခက်ထိန်နန် ၊ ဦးနိုင်ငံလင်း ၊ ဒေါ်ဒွဲဘူ ၊ အတွင်းရေးမှူး ဦးလှမောင်ရွှေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေထဲက ပဒိုစောကွယ်ထူးဝင်း ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ဦးခွန်မြင့်ထွန်း၊ ဒေါ်စောမြရာဇာလင်း ၊ ဗိုလ်မှူးကြီး စိုင်းလ၊ ရဲဘော်သံခဲ တို့ တက်ရောက်ကြပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။