NLD အောင်နိုင်ရေး ကူညီခဲ့ကြသူ ဆိုက်ကားသမားတွေ နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့မည်


2015.12.21
trishaw-nld-620.jpg NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကူညီခဲ့ကြတဲ့ ဆိုက်ကားသမားတွေကို တွေ့ရစဉ်
Photo: RFA

မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြတဲ့ ရန်ကုန် တိုင်းဒေသကြီး မြို့နယ်အသီးသီးက ဆိုက်ကားသမားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က လာမယ့်ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြို့နယ်တိုင်းက ဆိုက်ကားသမားအကုန်လုံးကို တွေ့ဆုံဖို့ အဆင်မပြေတာကြောင့် မဲနှိုက်ရွေးချယ်ခဲ့တယ် လို့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် က ပြောပါတယ်။

"မဲစနစ်နဲ့ ရွေးချယ်တယ်ဆိုတာက တောင်ဥက္ကလာမှာ အောင်နိုင်ရေးကို တကယ်လိုက်တဲ့ အနှေးယာဉ် လုပ်သားတွေက ၂ဝဝ ကျော်လောက်ရှိတာကိုး၊ မဲစနစ်နဲ့ ရွေးချယ်မှပဲ ပိုပြီးတော့အဆင်လည်းပြေမယ်၊ နောက် ကျနော်တို့ပါတီရဲ့ ညွှန်ကြားချက်လည်း ဖြစ်တယ်ပေါ့နော်၊ အဲ့လိုညွှန်ကြားထားတဲ့အတွက် အဲ့လိုရွေးချယ်တာပါ၊ အန်တီစုနဲ့တွေ့ဖို့ အဲ့လိုရွေးချယ်ခံရတဲ့ ငါးဦးကို မြို့နယ်အလုပ်အမှုဆောင်ကိုယ်စား အကျီၤနဲ့ ကချင် လုံချည်လေးတွေ ကျနော်တို့က စီစဉ်ပေးမယ်၊ ပြီးရင်သူတို့ကို တော်ဝင်နှင်းဆီကို လိုက်ပို့ပေးမယ်၊ ၁၃ ရပ်ကွက်မှာ အားလုံးပေါက်တာ ၅ ရပ်ကွက်ပေ့ါနော်၊ အဲ့ ၅ ရပ်ကွက်က ပေါက်တဲ့လူတွေကို သေချာပြန်ကြည့် လိုက်တော့ အောင်နိုင်ရေးမှာ တက်တက်ကြွကြွလုပ်ခဲ့တဲ့လူတွေဖြစ်နေတာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရ တယ်ပေါ့နော်"

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်က တစ်ရပ်ကွက် တစ်ဦးနှုန်း ရွေးချယ်ပြီး တက်ရောက်မယ့် ၅ ဦးကို မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံဖို့အတွက် မြို့နယ်အသီးသီးက ဆိုက်ကားသမားတွေကို တစ်မြို့နယ် ၅ ဦးနှုန်း နဲ့ မဲနှိုက်ရွေး ချယ် မှာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်စင်တာ အဖွဲ့ဝင်တွေနဲ့ နေပြည်တော် လွှတ်တော်က တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အစိုးရသစ်လက်ထက်မှာ လူငယ်တွေ ပါဝင်ခွင့်ရနိုင်ဖို့ အခန်းကဏ္ဍအပြင် တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။