ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အမှုကိစ္စတွေ ထုတ်ဖော်မပြောဖို့ ရှေ့နေ ဦးခင်မောင်ဇော်ကို တားမြစ်

တပ်မတော်က အာဏာသိမ်းအပြီး ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုကိစ္စတွေနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆို တာ မလုပ်ဖို့ ဥပဒေအကျိုးဆောင်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို စစ်ကောင်စီ အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဦးခင်မောင်ဇော်ကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အထွထွေ အုပ်ချုပ်ရေးမှူးရုံးက အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာရှိတယ်ဆိုပြီး ခေါ်ယူခဲ့အပြီး အခုလို သတင်း မီဒီယာတွေကို ဖြေကြားတာတွေ ရပ်တန့်ဖို့ ပိတ်ပင်ခဲ့တာလို့ အမှုနဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းက တစ်ဆင့် RFA က စုံစမ်းသိရပါတယ်။
သမ္မတဦးဝင်းမြင့်က အာဏာသိမ်းတဲ့နေ့က ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကို အောက်တိုဘာ ၁၂ ရက်နေ့ တရားရုံးချိန်းမှာ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့တာတွေကို ဥပဒေအကျိုးဆောင်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ဒီလိုထုတ်ပြန်ခဲ့အပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော် အာဏာသိမ်းယူမှုဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဝင်မှုမရှိတာ ပေါ်လွင်တယ်လို့ နိုင်ငံတကာက ဝေဖန်ထောက်ပြအပြီး နှစ်ရက်အကြာမှာ အခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။
ခေါ်ယူမေးမြန်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးခင်မောင်ဇော်ကို RFA က ဒီကနေ့ည ၉ နာရီအချိန်မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ရှေ့နေဦးခင်မောင်ဇော်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ “ကျုပ်ပါးစပ်ကို 144 ထုတ်လိုက်သဗျ” ဆိုပြီး ညပိုင်းမှာပဲ ရေးသားထားပါတယ်။

သမ္မတဦးဝင်းမြင့် ထွက်ဆိုခဲ့တာကတော့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တပ်အရာရှိကြီးတွေက သူ့ကို ဖိအားပေး နုတ်ထွက်ခိုင်းတယ်ဆိုတဲ့ အကြောင်း ထွက်ဆိုခဲ့တာပါ။
သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုလိုက်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စန်းမာလာညွန့်ကိုလည်း ပြီးခဲ့တဲ့သြဂုတ်လကတည်းက သူနေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီး ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ ပြည်ပအဖွဲ့အစည်းတွေကို အင်တာဗျူးမဖြေဖို့နဲ့ မဆက်သွယ်ဖို့ ဝန်ခံကတိ လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။
အလားတူ ဒီအမှုတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေကို ပုံမှန်ဖြေဆို သတင်းထုတ်ပြန်ပေးနေခဲ့တဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးကလည်း သတင်းမီဒီယာတွေရဲ့ ဆက်သွယ်မေးမြန်းတာကို မဖြေကြားတာ နှစ်ပတ်ရှိသွားပြီ ဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ရုံးချိန်းမှာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့စွဲထားတဲ့ အမှုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရုံးတော်မှာ ထွက်ဆိုဖို့ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိမ်းသိမ်းလိုက်တဲ့ နောက်ပိုင်း ပြည်သူတွေနဲ့ အဆက်အသွယ်ပြတ်ခဲ့ပေမယ့် အပတ်စဉ် တရားရုံးချိန်းအကြောင်းအရာတွေကို ရှေ့နေအဖွဲ့တွေက ပုံမှန် သတင်းထုတ်ပြန်တာရှိခဲ့အတွက် သတင်းအချက်အလက်တွေ သိရှိခွင့်ရနေတာဖြစ်ပါတယ်။
အခုလို သတင်းမီဒီယာနဲ့ဆက်သွယ်ပြောကြားခွင့် ပိတ်လိုက်တာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။