အတိုင်ပင်ခံပုဂ္ဂိုလ် မြောင်းမြမြို့ကို သွားမည်


2018.04.07
dassk-myaungmya-622.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြောင်းမြမြို့မှာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Soe Moe Thu - facebook

လာမယ့်တစ်ပတ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ကို သွားရောက်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး တာဝန်ရှိသူတွေ ပြင်ဆင်နေကြပါတယ်။

တစ်ရက်သာ ကြာမြင့်မှာဖြစ်တယ်လို့ မြောင်းမြမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက ပြောပါတယ်။

“ဟုတ်ကဲ့၊ လာဖို့ရှိတယ်ခင်ဗျ။ သေချာပါတယ် လာဖို့ရှိတာကတော့။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုတော့ ညွှန်ကြားချက်ရှိတယ်ဗျ။ ကျနော်တို့ကို တိုင်းအစိုးရကတော့ ဘာမှမပြောဘူး။ နိုင်ငံတော်အဆင့်ဆိုတော့ နိုင်ငံတော်သမ္မတရုံးကလူတွေပဲ လာကြသွားကြ စီစဉ်ကြတာရှိတယ်ဗျ။ ဒီမှာ မြောင်းမြမှာတော့ တစ်ရက်ပဲ နေသွားမှာပါခင်ဗျ"

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၁၀ ရက်နေ့မှာ မြောင်းမြကို သွားရောက်ပြီး ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပသွား မှာဖြစ်သလို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျိုးကျခဲ့တဲ့ မြောင်းမြ ကြိုးတံတားကိုလည်း သွားရောက်ကြည့်ရှုမယ်လို့ သတင်းတွေထွက်နေပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းကတော့ လုံခြုံရေးအခြေအနေအရ လာမယ့်ရက် အတိအကျကို မသိရသေးကြောင်းပြောပါတယ်။

မြောင်းမြမြို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင် ဒေါ်ခင်ကြည်ရဲ့ မွေးရပ်ဇာတိဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။