ကျောင်းအနီး အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု ဖြေရှင်းရေး အတိုင်ပင်ခံတိုက်တွန်း


2019.06.12
dassk-jun12-622.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉၊ ဇွန် ၁၂ ရက်နေ့က ကျင်းပတဲ့ ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းတွေ အရှိန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

ကျောင်းသားလူငယ်တွေအကြားမှာ အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု များပြားလာတာကြောင့် သက်ဆိုင်သူတွေက အဖြေရှာပေးဖို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ကို ပြောလိုက်ပါတယ်။

နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းတွေ အရှိန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲအဖွင့်မှာ ပြောသွားတာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းကျန်းမာရေးကဏ္ဍကိုကြည့်ရင် ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနဲ့ အားကာစားဝန်ကြီးဌာနတို့မှာ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေတွေ မရှိတဲ့အတွက် ပြည့်စုံတဲ့ နိုင်ငံတော်အဆင့် မူဝါဒတွေ ချမှတ်ဖို့လိုကြောင်းလည်း ပြောပါတယ်။

Myanmar Global School Health Survey က ကောက်ယူထားတဲ့ စာရင်းအရ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် ၁၀ နှစ်အတွင်း အသက် ၁၃ နှစ်နဲ့ အသက် ၁၇ ကြား လူငယ်တွေမှာ ဆေးလိပ် ၂ ရာခိုင်နှုန်းကနေ ၆ ဒသမ ၆ ရှိလာတယ်လို့ သိရပါတယ်။

အရက်သောက်သုံးမှုကတော့ ၂၀၀၇ ခုနှစ်က ၁ ဒသမ ၄ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ထက်ဝက်လောက်က အသက် ၁၄ နှစ်မတိုင်မှီ စတင်သောက်သုံးကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းပရဝုဏ်ကနေ ပေ ၁၀၀ အတွင်း ဆေးလိပ်၊ ဆေးရွက်ကြီးပစ္စည်းတွေ ရောင်းချနေမှုကို ၂၀၀၆ ဆေးလိပ်နဲ့ ဆေးလိပ်ကြီး ဥပဒေအရ ထိရောက်စွာ အရေးယူဖို့ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ပါတယ်။

နှစ်ရက်တာကျင်းပမယ့် အခမ်းအနားမှာ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ မူးယစ်ဆေးဝါးကင်းစင်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ကွမ်းယာ စားသုံးတာ ပပျောက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးတာနဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ လျော့ချနိုင်ရေး၊ ကျောင်းသားတွေ ဂိမ်းအလွန်အကျွံကစားတာပပျောက်ရေး ကိစ္စရပ်တွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။