တံတားဦး၊ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော
2012.03.05

မနက် ၆ နာရီခွဲကျော်က တံတားဦးမြို့မှာဟောပြောခဲ့ပြီး ၁၀ နာရီဝန်းကျင်လောက် နွားထိုးကြီးမြို့နယ်မှာ ဟောပြောတဲ့အခါ ဝန်ထမ်းတွေလာဘ်စားတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ငွေကြေးစနစ်မရှိတဲ့ကိစ္စကို အဓိကထား ပြောသွားခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ မန္တလေးတိုင်းစည်းအဖွဲ့ဝင် ဦးမျိုးနိုင်က အာအက်ဖ်အေကို ပြောပါတယ်။
နွားထိုးကြီးမြို့ဟောပြောပွဲအပြီး မိတ္ထီလာမြို့ကို အရောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေ ပြန်ရချင်တယ်ဆိုရင် တကယ်ပွင့်လင်းတဲ့ ဒီမိုကရေစီ အခင်းအကျင်းရှိဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပြဖို့လိုကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မကြောက်ရွံ့ကြဖို့လိုကြောင်း တိုက်တွန်းပြောဆိုသွားတယ်လို့ မိတ္ထီလာမြို့ အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် ဦးဝင်းထိန်က ပြောပြပါတယ်။
မွန်းလွဲ ၂ နာရီကျော်မှာ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကို ထွက်ခွာသွားပြီး ဒက္ခိဏသီရိနဲ့ ဇမ္ဘူသီရိမြို့နယ် တွေမှာဟောပြောပါတယ်။ ဒီကနေ့ည နေပြည်တော်မှာ ညအိပ်အနားယူမှာဖြစ်ပါတယ်။ အလားတူ ဒီကနေ့ နေ့လယ် ၁၂ နာရီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး ဖြူးမြို့နယ် အန်အယ်လ်ဒီရုံးသစ်ကို ဖွင့်လှစ်ပေးရာမှာ ရုံးဖွင့်ပွဲကို ဖြူးမြို့နယ်တစ်ဝိုက်က ဒေသခံအင်အား တစ်ထောင်နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |