ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံအထက်ပိုင်း အနိုင်ရ NLD ကိုယ်စားလှယ်တွေ တွေ့ဆုံ
2015.12.05

ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်မြန်မာပြည်က အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော် ပျဉ်းမနားမြို့ မေခန်းမမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွက် တွေ့သင့်တွေ့ထိုက်တဲ့သူတွေနဲ့ တွေ့နေပြီး ရှေ့ကို ချောမောစွာသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် ပြည်သူတွေက ဝမ်းသာနေကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးက တွေ့ဆုံပွဲအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။
"ယခုလည်းပဲ တွေ့သင့်တွေ့ထိုက်တဲ့ပုဂ္ဂိုလ်တွေအားလုံးတွေ့နေကျ ခင်ဗျားတို့အားလုံးအသိပါ၊ အဲ့ဒီလိုတွေ့ရတဲ့ အပေါ်မှာ အခြေအနေဟာ အခုဘာမှ ကျနော်တို့ မသိရငြားသော်လည်းပဲ သိလာတဲ့လေထု ဟာ ရှေ့ကိုချောမောပြေပြစ်စွာ သွားနိုင်မယ့်လေထု၊ တည်ငြိမ်မယ့်လေထု၊ သွားနိုင်မယ့်လေထု၊ အေးချမ်း မယ့်လေထု ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ကျနော်တို့ တွက်ဆနေကြတယ်၊ ပြည်သူတွေဟာ ဝမ်းသာနေကြပါတယ်၊ ဒါကြောင့်မို့လို့ အဲ့ဒါတွေဝမ်းသာရအောင် လုပ်နိုင်ဖို့ဟာအတွက်က တစ်ဦးတည်းသောအားနဲ့ ခင်ဗျား တို့အောက်ခြေမှာ လုပ်နိုင်ပြီး ထောက်ခံအားပေးကြိုဆိုတဲ့ဟာလောက် ကြီးမားလာတယ်ဆိုတဲ့ ဖြည့်ဆည်းမှုဟာ သိပ်ပြီးအရေးကြီးပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ရက်တွေက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ် တော်နာယက သူရဦးရွှေမန်းတို့နဲ တွေ့ဆုံခဲ့သလို တပ်မတော်အကြီးအကဲဟောင်း ဦးသိန်းရွှေ့နဲ့လည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို မနက်ပိုင်းနဲ့ နေ့လည်ပိုင်း နှစ်ပိုင်းခွဲပြုလုပ်တာဖြစ်ပြီး အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တွေ၊ အနိုင်ရပါတီကိုယ်စားလှယ် စုစုပေါင်း ၄၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအောက်ပိုင်းက အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ပြီးြdဖစ်ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် စုစည်းတင်ပြထားတာ နားဆင်နိုင် ပါတယ်။